လားရှိုးခရိုင်ကျားခေါင်းပါတီ စီတန်းလှည့်လည်ကာ နောက်ဆုံးမဲဆွယ် စည်းရုံးမည်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က လားရှိုးမှ သိန္နီသို့ ကားဖြင့်စီတန်းလှည့်လည်ကာ နောက်ဆုံးမဲဆွယ်စည်းရုံးမည်ဟု သိရှိရသည် ။
“ နောက်ဆုံး မဲဆွယ်စည်းရုံးတာပါ ။ မြို့ပေါ်ကလူတွေ ကျားခေါင်းကို မဲထည့်ချင်တဲ့သူ တွေ ရှိပါတယ် ။ သူတို့ က သိပ်မအားလပ်ကြဘူး ။ အစည်းအဝေးခေါ်ရင် လာဖို့ မအားကြတော့ ဒီလိုနဲ့ မဲဆွယ်ရတာပါ ” ဟု လားရှိုး ခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျဲန်းခမ်း က ပြောသည် ။
လားရှိုးမှ သိန္နီသို့ ကားဖြင့်စီတန်းလှည့်လည်ကာ နောက်ဆုံးမဲဆွယ်စည်းရုံးခြင်းကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် သီပေါမြို့နယ်နှင့်လားရှိုးမြို့နယ် နယ်စပ်ဖြစ်သည့် စဉ့်အင်မှ စ - ထွက်မည်ဖြစ်ကြောင်း ၊ ထို့နောက် လားရှိုးဈေးအတွင်း လှည့်လည်ကာ သိန္နီဘက်သို့ ထွက်လာမှာဖြစ်ကြောင်း ၊ သိန္နီမြို့တွင်း လှည့်လည် ကာ နမ့်ဆလပ်အထိ သွားရောက်မှာဖြစ်ကြောင်း ၊ လားရှိုးကျားခေါင်းပါတီက ဦးဆောင်ပြီး သိန္နီ ၊ တန့်ယန်း ၊ မိုင်းရယ်တို့မှ လာရောက်ပူးပေါင်းမှာဖြစ်ကြောင်း သိရသည် ။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၆ ရက်နေ့ကို နောက်ဆုံးမဲဆွယ် စည်းရုံးသည့်နေ့ အဖြစ် သတ်မှတ်ထားပါသည် ။
Tags: News, politic