သျှမ်းပြည်အလယ်ပိုင်း စစ်ရှောင် ဒုက္ခသည် ၆၀၀၀ ကျော်ရှိ SHRF ပြော
သျှမ်းပြည်တိုးတက်ရေး ပါတီအား အစိုးရတပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ လ ၅ ရက်နေ့အထိ သျှမ်းပြည်အလယ်ပိုင်းတွင် စစ်ဘေး ဒုက္ခသည် ၆၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ကြေငြာချက် တစောင် ထုတ်ပြန် လိုက်သည် ။
သျှမ်းပြည်အလယ်ပိုင်း မိုင်းရှူး၊မိုင်းနောင်နှင့် ကျေးသီးမြို့နယ်အတွင်းမှ ဒုက္ခသည် များ ဖြစ်ကြောင်း ကြေငြာချက်တွင် ပါရှိသည် ။
“ အဓိကကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအားလုံးကို စစ်ဘေးစစ်ဒဏ် ခံစား နေရတဲ့ သျှမ်းလူထုအကြောင်း သိစေချင်လို့ပါ ။ အခု စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိ ပါပြီ ။ စုစုပေါင်း ရွာပေါင်း ၅၀ နီးပါးလောက်က စစ်ရှောင်လာကြတဲ့ သူတွေဖြစ်ပါတယ် ။ မိုင်းရှူး ၊ ၀မ့်ဆော့ ၊ ဟိုင်းပါ တွေမှာအပြင် နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက်ခိုလှုံနေတာ တွေလည်းရှိပါတယ် ။ သျှမ်း ၊ တအာင်း ၊ လိဆူး လူမျိုးတွေဖြစ်ပါတယ် ။ ကလေးသူငယ် ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ များပါတယ် ။ ကိုယ်ဝန်သည်တွေလည်း များပါတယ် ။ အမျိုးသားကတော့အရေ အတွက် နည်းပါ တယ် ။” - ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ကစိုင်းဟော်ရှဲန်က ပြောသည် ။
စစ်ဘေးရှောင်များသည် မိုင်းရှူးမြို့နယ် ၀မ့်ဆော့ဘုန်းကြီးကျောင်းတွင် ၁၉၀၀ ကျော် ၊ ဟုမ့် ယင် ဘုန်းကြီးကျောင်း ကျောင်းစန်းဘုန်းကြီးကျောင်းနှင့် ရပ်ကွက် ၁ ရှိ ဆွေမျိုးများ ထံတွင် ခိုလှုံနေသူ ၄၈၀ ၊ ဟိုင်းပါဘုန်းကြီးကျောင်းတွင် ၁၃၀၀ ၊ မိုင်းနောင်မြို့နယ် မင်္ဂလာ ရန်အောင် ဘုန်းကြီးကျောင်းတွင် ၂၈၀ ၊ တူယားဘုန်းကြီးကျောင်းတွင် ၁၅၀ နှင့် ကျေးသီး မြို့နယ်တွင် (၀မ့်ဟိုင်းရွာသူရွာသား) ၂၀၀၀ နီးပါး ရောက်ရှိခိုလှုံ နေကြသည်ဟု ကြေငြာ ချက်တွင် ပါရှိပါသည် ။
“ အခုလောလောဆယ်တော့ အစားအသောက် ကူညီထောက်ပံ့မှုကို အထူးလိုအပ်နေပါ တယ် ။ တိုက်ပွဲကလည်း ဘယ်ချိန်အထိ ဆက်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ ။ ဒုက္ခသည် တွေရဲ့ ဆန္ဒကတော့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေး စေချင်တယ် ။ သူတို့တွေ အိမ်ပြန်ပြီး လယ်ယာလုပ်ငန်း လုပ်ချင်တယ် ။ စစ်ရှောင်ရင်း ခလေးမွေးတာတွေရှိတယ် ။” ဟု သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က စိုင်းခွန်းမိုင် ကပြောသည် ။
နိုဝင်ဘာလ ၂ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်တွင် အစိုးရ တပ်မတော် တဖက်တည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည် ။
“ မိုင်းနောင်မြို့နယ် ထဲကအစိုးရတပ်မတော်က ညနေ ၆ နာရီကစပြီး သူတို့အခြေချတဲ့ စခန်းပေါ် ကနေပြီး အရပ် ၄ မျက်နှာကို တညလုံး တဖက်တည်း လက်နက်ကြီး ပစ်တယ် ။ တူယားလမ်းခွဲ ဘက်က လိဆောရွာသစ်နားမှာ လည်းကျကွဲတယ်။ရွာသားတဦး ထိခိုက်ဒဏ် ရာ ရခဲ့တယ် ။ အသေးစိတ်ကျနော်တို့ဆက်လက်စုံစမ်းနေဆဲပါ ”- ဟု SSPP ဘက်မှ အရာရှိတဦး ဆိုပါသည် ။
အောက်တိုဘာလ ၆ ရက်နေ့ကတည်းက သျှမ်းပြည်တိုးတက်ရေးပါတီအား အစိုးရတပ် မတော် က ထိုးစစ်ဆင်တိုက်ခိုက်ရာ ၂ ဖက်ရင်ဆိုင်တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက် မနည်းရှိပြီး ထိုသို့သော အစိုးရတပ်မတော်ဘက်မှ တဖက်တည်းပစ်ခတ်မှုမျိုး (တိုက်ပွဲအတု) လည်းရှိသည်ဟု SSPP ဘက် က ကပြောသည် ။
Tags: General, News