ပအမဖ စည်းရုံးရေးအဖွဲ့အား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ခြိမ်းခြောက်
၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စည်းရုံးရေးကာလ အတွင်း ပြည်ထောင် စုပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (ပအမဖ) ပါတီ စည်းရုံးမဲဆွယ်နေစဉ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပြည် သူ့စစ်အဖွဲ့မှ ခြိမ်း ခြောက်နှောက်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာလ (၇) ရက်နေ့က ပအမဖ ပါတီ ရုံးတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပအမဖ ပါတီ ၏ဗဟိုကော်မတီဝင်များက ပြောကြား ခဲ့သည် ။
သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ၊ နောင်တရားမြို့တွင် (ပအမဖ) ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအား PNA အသွင်ပြောင်းပြည်သူ့စစ် အဖွဲ့မှ ဗိုလ် လေး အဆင့်ရှိသူတစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း ပအမဖ ပါတီ ၏ဗဟိုကော်မတီဝင် ဦးခွန်စိုးမြင့် ကပြောသည် ။
“ PNA အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့က ဗိုလ်လေးအဆင့်ရှိသူတစ်ဦးက ပစ္စတိုသေနတ်ထုတ်ပြီး အထက်ကညွန် ကြားချက်အရ လာပြောရတာ ။ ဒီနယ်မှာ (ပအမဖ) အနိုင်ရင် ငါလည်ပင်း အဖြတ်ခံရမှာ ။ ငါ့လည် ပင်း အဖြတ်ခံရမယ့်အတူတူ မင်းတို့လည်ပင်းကို ငါအရင်ဖြတ်ရလိမ့်မယ် လို့ ကျနော်တို့ ကိုယ်စားလှယ်လောင်း ကိုလာ ခြိမ်းခြောက် ပါတယ် ” ဟု ၄င်းကဆက်လက် ပြောကြားသည် ။
၎င်းတို့ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ ပြုလုပ်ရာတွင်လည်း PNO အဖွဲ့ ဥက္ကဌပိုင်းမှ လာရောက် ဟန့်တားမှုများ ပြုလုပ်လျှက်ရှိကြောင်း ၊ နိုဝင်ဘာလ (၆) ရက်နေ့က ဆီဆိုင်မြို့နယ်တွင် ၄င်းတို့ စည်းရုံး မဲဆွယ် နေစဉ် ပြည်သူ့စစ် ၂၅ ဦးခန့်မှ လက်နက်အပြည့်အစုံဖြင့် လာရောက်လုံခြုံရေး ယူနေကြောင်း ပအမဖ ဗဟို ကော်မတီများက ဆက်လက်ရှင်းပြသည် ။
ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဒီလို ပြည်သူ့စစ်တွေကို လက်နက် အပြည့်အစုံနဲ့ လုံခြုံရေးယူခိုင်းထား သလား ၊ ပြည်သူ့စစ်က ရွေးကောက်ပွဲ အခန်းကဏ္ဍမှာဘယ်လိုပုံစံနဲ့ ပါဝင်နေသလဲဆိုတာ ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ်လိုပါတယ် - ဟု ပအမဖပါတီ၏ ဆီဆိုင်မြို့နယ် ၊ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးခွန်သီဟစိုး ကပြောသည် ။
ပအမဖ ပါတီ၏ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ထွန်းကလည်း ၄င်းတို့ မောင်းနှင်လာသောကားအား လိုင်စင်မဲ့ ဟု ယူဆရသောကားတစ်စီးမှ ပွတ်တိုက်မှုနှင့် တွေ့ရပြီးကျေး ရွာလူကြီးလက်မှတ်ဖြင့် ကျေးရွာနေလူထုအား မဲစာရိတ်ကောက်ခံမှုများ ပြုလုပ်နေကြောင်း ပြောကြားသည် ။
“ ပြည်သူတွေကကျနော်တို့ကို မဲလဲထည့်ရ ၊ မဲစာရိတ်လဲပေးရတယ် လို့ပြောလာတယ်တယ် ၊ ကျေးရွာ လူကြီးလက်မှတ်နဲ့ ဟိုပုံးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ကောက်ခိုင်းတာလို့ပြောတယ် ၊ နောက်ပြီး မြို့နယ်ကော်မရှင် က သူတို့ကိုအကြောင်းမကြားပဲ ကျနော်တို့ပါတီ ဗီနိုင်းထောင်လို့ဆိုပြီး ဆိုင်းဘုတ် တွေပြန်ဖြုတ် ခိုင်းတယ် ကျနော်တို့က ပြည်နယ်ကော်မရှင်မှာ တရားဝင်လုပ်ပြီးသား ” ဟု ၄င်းကဆို သည် ။
ပအမဖ ပါတီအနေနှင့် တောင်ကြီးမြို့နယ်နှင့် ကျောက်တစ်လုံးကြီး ကျေးရွာအထိ ပါတီဗီနိုင်း ၇ ခုသာ ထားရှိသော်လည်း အားလုံးနီးပါး ဖျက်ဆီးခံရ ကြောင်းဆက်လက် သိရသည် ။
ရွေးကောက်ပွဲနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ မဲရုံများတွင် ပြည်သူ့စစ်မှ လက်နက် အပြည့်ဖြင့်လုံခြုံရေး အရေးယူနိုင်ကြောင်း ပအမဖ ပါတီ၏ဗဟိုကော်မတီဝင်များက သုံးသပ် ပြောကြားသည် ။
ပအမဖ ပါတီအနေဖြင့် လွှတ်တော် (၃) ရပ်လုံးအတွက် မြို့နယ် (၉) ခုတွင် လွှတ်တော်ကိုယ်စားလှယ် (၁၄ ) ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပအမဖ ပါတီအပြင် ကျားဖြူပါတီ ၊ ကျားခေါင်းပါတီ ၊ PNO ပါတီနှင့် NLD ပါတို့ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည် ဟုဆက်လက်သိရှိရပါသည် ။
Tags: Election, News