NLD အနိုင်ရရှိမှု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF ကြိုဆို
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ရွေးကောက်ပွဲအနိုင်ရသည့် NLD ပါတီအား ၀မ်းမြောက်စွာ ကြိုဆိုလိုက်ကြောင်း ကြေငြာချက်တရပ် ထုတ်ပြန်လိုက်သည် ။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ ထုတ်ပြန်ကြေငြာချက် |
အခုလို အစိုးရအဖွဲ့ ဖွဲ့နိုင်လောက်တဲ့အထိ ပြတ်ပြတ်သားသား အနိုင်ရတာဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တာကြောင့် ပြည်သူတွေရဲ့ အောင်မြင်မှုလို့ မှတ်ယူတယ် ။ ဒါ့အပြင် အစိုးရ ဖြစ်ရင် တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒတွေကိုလည်း အကောင်ထည် ဖော်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အတွက် ခုလို ကြိုဆိုရတာပါ - TNLA အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ တာအိုက်ကျော် က ပြောသည် ။
NLD အမျိုးသား ဒီိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေငြာစာတမ်းတွင် ဖော်ပြထားသည့် တိုင်းရင်းသားအရေး ပြည်တွင်း ငြိမ်းချမ်းရေး တိုင်းရင်းသား ပြည်သူအားလုံး အေးချမ်းစွာ တူယှဉ်တွဲ နေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံတရပ် ပေါ်ပေါက်လာရေး ၊ ပြည်သူလူထုအား တရားမျှတစွာ အုပ်ချုပ်မဲ့ အုပ်ချုပ်ရေး စနစ်တရပ်ပေါ်ပေါက်လာရေး ကဲ့သို့သော ကိစ္စရပ်များကို အောင်မြင်စွာအကောင်ထည် ဖော်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထား ကြောင်း TNLA ကြေငြာချက်တွင် ဖော်ပြထားသည် ။
TNLA အနေဖြင့် နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့ ၊ စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွင် NLD က ဖွဲ့စည်းမည့် အစိုးရနှင့်အတူ ပူးပေါင်းဖြေရှင်းသွားဖို့ အသင့်ရှိနေသည်ဟုလည်း ပါရှိပါသည် ။
Tags: Election, News