သျှမ်းပြည်နယ်တဝှမ်းလုံး၌ SNLD နှင့် NLD အပြတ်အသတ် အနိုင်ရဖွယ်ရှိ
နိုဝင်ဘာ ၈ ရက် ၂၀၁၅ ပြန်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံး၌ ကျင်းပသော ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ တွင် သျှမ်းပြည်နယ်၌ကျင်းပသည့် မြို့နယ် ၄၀ ကျော် အနက် အတိုက်အခံပါတီများဖြစ်သည့် ခွန်ထွန်းဦး ဦးဆောင်သည့် ကျားခေါင်းပါတီ SNLD နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD က အပြတ်အသတ် အနိုင်ရဖွယ်ရှိသည်ဟု သိရသည် ။
သျှမ်းပြည်မြောက်ပိုင်း မူစယ် ၊ သိန္နီ ၊ လားရှိုး ၊ မိုင်းရယ် ၊ နမ့်တူ ၊ သီပေါ ၊ ကျောက်မဲ ၊ သျှမ်းပြည်တောင်ပိုင်း တွင် မိုင်းကိုင် ၊ လဲချား ၊ နမ့်စန် ၊ ကွန်ဟိန်း ၊ မိုးနဲ ၊ လင်းခေးတို့တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်း ပါတီက အနိုင်ရဖွယ်ရှိကြောင်း တက်ကြွလှုပ်ရှားသူပါတီဝင် လူငယ်များက ပြောသည် ။
“သေခြာတာကတော့ မြောက်ပိုင်း ၅ မြို့နယ် ၊ တောင်ပိုင်း ၅ မြို့နယ် ပေါ့ ။ တခြားတော့ ကြိုတင်မဲ ကြောင့် စိုးရိမ်မှုတွေ ရှိနေသေးတယ် ။ တချို့ဆိုလဲ ဖုန်းခေါ်တာ လုံးဝ မရသေးတော့ ဘာမှ မပြောနိုင်သေးဘူး ” - ဟု ကျားခေါင်းပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောသည် ။
တောင်ကြီးခရိုင် မြို့နယ်အများအပြား ၊ တာချီလိတ်ခရိုင် မြို့နယ်အများအပြား ၊ ကျိုင်းတုံခရိုင်မြို့နယ် အများအပြား နှင့် မိုင်းဆတ်ခရိုင်မြို့နယ်အချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရ ဖွယ်ရှိပြီး ၊ ထိုအထဲမှ မြို့နယ်တချို့က အစိုးရ ပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရဖွယ်ရှိနေပါသည် ။
“ကျနော့်မြို့မှာ မြို့တွင်းဆို သေခြာတယ် ။ ဒါပေမယ့် ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်ထဲတော့ မပြောတတ်ဘူး ။ ကြားထားတာတော့ NLD ကို ပဲ အားလုံးထည့်ပေးတယ်ပြောတယ် ” - ဟု ကျားခေါင်းပါတီ ၏ မိုင်းတုံမြို့ နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ အမတ်လည်းဖြစ် ပြိုင်ပွဲဝင် အမတ်လောင်းလဲ ဖြစ်သည့် စိုင်းဝင်းမြတ်ဦး ကပြောသည် ။
သျှမ်းပြည်နယ်အတွင်းတွင် မြို့နယ် ၅၅ မြို့နယ် အနက် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ မြို့နယ် နှင့် မိုင်းလားမြို့နယ် ၊ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကျေးသီး ၊ မိုင်းရှူးမြို့နယ် တို့တွင် ရွေးကောက်ပွဲ ကျင်းပ ခွင့်မရခဲ့ပေ ။ ထို့အပြင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ် ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၃ မြို့နယ် နှင့် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ်တို့တွင် ဒေသခံတိုင်းရင်း သား ပါတီများကသာ အားသာနေပါသည် ။
Tags: Election, News