အောက်စဖို့စ်ဗုဒ္ဓဝိဟာရ ဆရာတော် ဦးဆောင်၍ သျှမ်းရေးရာသုတေသနစင်တာ ဖွဲ့စည်း



ဒပ်ရှိ ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ၊ သျှမ်းမျိုးနွယ်စုသမိုင်းများအား စုပေါင်းဖေါ်ထုတ်ရန် ဗြိတိန်နိုင်ငံ အောက်စဖို့စ် ဗုဒ္ဓဝိဟာရ ကျောင်း ဆရာတော် ဒေါက်တာခမ်းမိုင် ဓမ္မသာမိ အမှူးပြု၍ ရန်ကုန်မြို့၌ မတ် ၂၆ မှ ၂၇ အထိ အစည်းအဝေးကျင်းပက သျှမ်းရေးရာသုတေသနစင်တာ တခု ဖွဲ့စည်းလိုက် သည်ဟု သိရသည် ။


သျှမ်းရေးရာသုတေသနစင်တာ အား တောင်ကြီးမြို့ ၊ ဗုဒ္ဓတက္ကသိုလ် ၌ ရုံးစိုက်မည်ဖြစ်သည်။ စင်တာ တွင် နာယက အဖွဲ့ ၊ ဥက္ကဌ ၊ ဒါရိုက်တာ ၊ အတွင်းရေးမှူး အပြင် ဦးဆောင်ကော်မတီ တခုလည်း ဖွဲ့စည်းထား သည်ဟု ဆိုသည် ။


“ ကျနော်တို့ သျှမ်းမျိုးနွယ်စုတွေမှာ ယဉ်ကျေးမှု အမွေအနှစ်အများကြီးရှိတယ်။ အခု ပြောပြောနေတဲ့ ဒြပ်ရှိ ၊ ဒြပ်မဲ့ အမွေအနှစ်တွေအားလုံးပေါ့ ။ ရိုးရာယဉ်ကျေးမှု ဆိုင်ရာတွေ ၊ သျှမ်းမျိုးနွယ်စုတိုင်းမှာ ရှိတဲ့ ကလေးလေးအရွယ် ကစားနည်းတွေ ၊ ဟင်းချက်နည်းတွေ ၊ စတာတွေအားလုံးပေါ့ ။ သုတေသန ပြုကြမယ် ။ စိစစ်ကြမယ် ။ သျှမ်းစာနဲ့ အင်္ဂလိပ်စာ နှစ်ဘာသာနဲ့ စာစောင်လဲ ထုတ်ဝေ ဖြန့်ချိမယ် ” - ဟု ဦးဆောင်ကော်မတီ တွင်ပါဝင်သည့် ဘုတ်အယ်ဒီတာ တာဝန်ယူထားသည့် ဒေါက်တာ စိုင်းစံဖေက ပြောသည် ။


အခု ဖွဲ့စည်းလိုက်သည့် သျှမ်းသုတေသန စင်တာ သည် အောက်စဖို့စ် ကျောင်းတိုက် ဆရာတော် ဒေါက်တာ ခမ်းမိုင် ဓမ္မသာမိ ကိုယ်တိုင် ဥက္ကဌ ရာထူးတာဝန်ယူထားသည် ။


“ သမိုင်းက ဘယ်သူ သုတေသနပြုလဲ သူက မှန်တယ်လို့ ယူဆတတ်တယ် ။ အခု ဒီလို စင်တာပေါ်လာတော့ စံချိန်စံနှုန်းနဲ့ အညီ သတ်မှတ်တယ် ။ ဆရာတော် ဒေါက်တာခမ်းမိုင် ဓမ္မသာမိ ကိုယ်တိုင် ဦးဆောင်တော့ ပြည်တွင်း ပြည်ပ အားလုံးက ယုံကြည်လေးစားကြတယ်လေ ။ အခုလိုမျိုး သုတေသန စင်တာ ရှိတော့ ကောင်းတာပေါ့ ” - ဟု စာရေးဆရာ မဟာမုံ့မိန်းစယ့် ကပြောသည် ။


ဦးဆောင်ကော်မတီ ၁၅ ဦးတွင် - ဒေါက်တာခမ်းမိုင် ထမ္မသာမိ ၊ တောင်တန်းသာသနာပြုဆရာတော် စဝ်သုခမ်း ၊ ကျိုင်းတုံ ဟိုခုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇောတိက ၊ မော်လမြိုင်တောင်ပေါက် ကျောင်း ဆရာတော်ဘဒ္ဒန္တ မုနိန္ဒ ၊ စာဆိုတော် စိုင်းလှထွန်း ၊ တိုင်းလျဲန် ၊ ခမ်းတီ ၊ တိုင်းခင် (ဂုံသျှမ်း) ၊ လိရှမ်းမျိုးနွယ်စု မှ ကျွမ်းကျင်ပညာရှင်တဦး ကျစီအပြင် ပညာရှင်အဆင့်မှာ ဒေါက်တာ စိုင်းဆန်အိုက် ၊ ဒေါက်တာ စိုင်းနော်ခေး ၊ ဒေါက်တာ စိုင်းအောင်ဆန်း ၊ စာပေဖြန့်ချိရေးမှူး တာဝန်ယူသည့် သျှံပိုင်း ဂျာနယ် အယ်ဒီတာချုပ် ဟိန်းကာယန်း ၊ ဘုတ်အယ်ဒီတာ တာဝန်ယူသည့် ကာတွန်းဆရာ လိုင်းဆိုင် တိုင်း အမည်ရ ဒေါက်တာ စိုင်းစံဖေ တို့ဖြစ်သည် ။


ဒါရိုက်တာမှာ ဆရာစိုင်းခမ်းမိန်း ၊ ဒုဒါရိုက်တာမှာ ဒေါက်တာ စိုင်းအောင်ဆန်း ၊ အထွေထွေ အတွင်းရေး မှူးမှာ ဘဒ္ဒန္တ ဝိစိတ္တ တောင်ပေါက်ကျောင်းဆရာတော် တို့ဖြစ်သည် ။


နာယက အဖွဲ့တွင် လွယ်လင်မြို့ ဓါတ်တော်ကျောင်းဆရာတော် ဒေါက်တာ ပညာနန္ဒ ၊ သျှမ်းစာပေ ပညာ ရှင် မြန်မာ့သမိုင်းသုတေသန ဒု ဥက္ကဌ (ငြိမ်း) ဒေါက်တာ စိုင်းအောင်ထွန်း ၊ သျှမ်းစာပေပညာ ရှင်ကြီး ဆရာ လုင်းတန်းကေး ၊ ကျိုင်းတုံမြို့ မှ ဒေါက်တာ စိုင်းလုံးကျောက်ဆမ်တို့ပါဝင်သည် ။


“ ဒီသုတေသန စင်တာ က ရှိသင့်ရှိထိုက်ပါတယ်။ ဘာမဆို စာတမ်းမပြုစုထားဘူး ၊ မှတ်တမ်းမတင် ထားဘူးဆိုရင် ပျောက်ကွယ်သွားစမြဲလေ ။ ရိုးရာ ၊ ယဉ်ကျေးမှု ၊ သမိုင်း စတာတွေ ကမောက်ကမ ဖြစ်သွား နိုင်တဲ့အပြင် ပျောက်တောင်ပျောက်ကွယ်သွားနိုင်တယ် ” - ဟု သမိုင်းပညာရှင် ဆရာ စိုင်းဇင့် ကပြောသည် ။


အောက်စဖို့စ် ဗုဒ္ဓဝိဟာရ ကျောင်းတိုက် ဆရာတော် ဒေါက်တာ ခမ်းမိုင် ဓမ္မသာမိသည် သျှမ်းပြည် တောင် ပိုင်း လဲချားမြို့ဇာတိဖြစ်သည် ။  ဆရာတော်မှ ဦးဆောင်၍ သျှမ်းစာပေကျမ်းကန် ၊ ပုရပိုဒ် ညီလာခံလည်း သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့သည် ။ ထို့အပြင် အင်္ဂလိပ်နှင့် ပါဠိဘာသာ အဓိကထား မည့် ဗုဒ္ဓတက္ကသိုလ်ကြီး တခုအား ယခုနှစ် ဆန်းပိုင်းက သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့၌ ပထမ ဦးဆုံးဖွင့်လှစ်ခဲ့သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates