သျှမ်းပြည်နယ်ဝန်ကြီးချူပ်သစ် ဒေါက်တာ လင်းထွဋ် နှင့် တွေ့ဆုံမေးမြန်း
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ NLD လွှတ်တော်အမတ်အား သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတသစ်ဦးထင်ကျော် မှ ရွေးချယ်လိုက်သည့် နောက်ပိုင်း သျှမ်းပြည်နယ် လွှတ်တော်က ၄င်းအား မတ်လ ၂၈ က အတည်ပြုသည့် အတွက် မကြာမီ သျှမ်းပြည်နယ် ၀န်ကြီးချုပ် ရာထူး ထမ်းဆောင် တော့မည့် ဒေါက်တာလင်းထွဋ် အား သျှမ်းသံတော်ဆင့် သတင်းထောက် ယိင်းတိုင်းမှ တွေ့ မေးမြန်းထားပါသည် ။
သျှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ် အား သျှမ်းသံတော်ဆင့် သတင်းထောက် ယိင်းတိုင်း မှ တွေ့ မေးမြန်း |
ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် NLD ကလူမရှိဘူးလေ ၊ အဲ့တာကြောင့် ကျနော့် ကိုရွေးချယ်ခဲ့တာဖြစ်မယ် ။ လူမရှိလို့ကျနော် ပါသွားတာပါ ။ ကျနော်ဟာ NLD ပါတီဝင်မဟုတ်ခဲ့ပေမဲ့ ပါတီအတွက် နောက်ကွယ်ကနေ လူအားငွေအား တတ်နိုင်တဲ့ဘက်က တာဝန်ပေးသလို ဆောင်ရွက်လာ ခဲ့ဖူးတော့ ပါတီကလဲ အိမ်သားတစ်ယောက်လို သဘော ထားပြီး ပြည်နယ်မှာ ၀င်အရွေးခံဖို့ကမ်း လှမ်းလာ တဲ့အတွက် ကျနော်ပြည်နယ်မှာ ၀င်ပြိုင်ဖြစ်ပါတယ် ။ လားရှိုးမှာလဲ NLD အနေနဲ့ ကျနော်ပဲ အနိုင်ရခဲ့တာကျနော်ကံ ကောင်းလို့ပါ ။ ကျနော် တော်လို့ မဟုတ်ပါဘူး ။
မေး ။ ။ ဆရာက သျှမ်းပြည်သားတစ်ယောက်မဟုတ်ပေမဲ့ အခုသျှမ်း ပြည်နယ် ၀န်ကြီးချုပ်တစ်ဦးဖြစ်လာတဲ့အပေါ် ဆရာ့ရဲ့ခံစားချက်နဲ့ ခံယူချက်ကဘယ်လိုရှိမလဲ ။
ဖြေ ။ ။ ကျနော့်ကို အချက်အလက်အရ လက်ခံလိုက်ရ ပေမဲ့ ကျနော့်ကို မကြိုက်တဲ့လူတွေ အများကြီးရှိတယ်ဆိုတာကျနော့်သိပါတယ် ။ အဲ့ဒီမကြိုက်တဲ့လူ တွေက ကျနော့်ကို ပုဂ္ဂိုလ်ရေးအရမကြိုက်တာမဟုတ် ဘူး ။ ကျနော်ဗမာ ဖြစ်နေလို့ ။ ဒီအချက်ကို ကျနော်လက်ခံတယ် ။ သူတို့တွေရဲ့ခံစားချက်နဲ့ သူတို့တွေရဲ့ စိတ်မ သက်မသာဖြစ်မှုကို ကျနော်နားလည်တယ် ။ ကျနော့်အနေနဲ့ ပထမဦးဆုံး မကြား ချင်ဟန်ဆောင်မယ် ။ သူတို့ပြောတာ မှန်နေတယ် ကျနော့်အနေနဲ့ ဘာမှပြန် ပြောစရာမရှိပါဘူး ။ ကျနော်ကိုယ်တိုင်က NLD ရဲ့ produce ထုတ်ကုန်တစ်ခုပါ ။
မေး ။ ။ သျှမ်းပြည်နယ်ရဲ့ အရေးကြီးဆုံးပြဿနာက ဘာလို့ဆရာ ထင်လဲ ။
ဖြေ ။ ။ သျှမ်းပြည်နယ်မှာ အဓိကပြဿနာက လက်နက်ကိုင်တိုက်ခိုက် မှုများလျော့ပါးလာစေရေး ဆိုတဲ့ကိစ္စကိုအများကြီးလုပ်မှ ငြိမ်းချမ်းရေး ဆိုတဲ့ တခါးဝ ဆီကိုရောက်မှာ ။ လက်နက်အားကိုးနဲ့ ထစ်ကနဲရှိလက် ပါတတ်တဲ့ ပြဿနာ ကိုလျော့ပါးအောင်အရင်လုပ်ရမှာ ။
မေး ။ ။ ဆရာ့အနေနဲ့ သျှမ်းပြည်နယ်ဝန်ကြီးအဖြစ်စတင် တာဝန်ယူဖြစ် တဲ့ အချိန်မှာသျှမ်းပြည်နယ်မှာ ဘယ်လိုကိစ္စတွေကို အရင်ဖြေရှင်းမလဲ ။
ဖြေ ။ ။ ၀န်ကြီးချုပ်ဖြစ်ဖို့ ကျမ်းမကျိန်ရသေးဘူး တိုင်စာတွေက ရောက်လာ ပြီ ငြိမ်းချမ်းရေးနဲ့ပတ်သက်တာတွေ မြေသိမ်းယာသိမ်းထား တာတွေပေါ့ ။ ငြိမ်းချမ်းရေး ကိစ္စကို တော့ ဦးစားပေးအဆင့်အနေနဲ့ ဆောင် ရွက်သွားမှာပါ ။ မူးယစ်ဆေးဝါး နဲ့လူငယ်တို့ပြဿနာ ၊ လူကုန်ကူးမှု ပြဿနာ ၊အလုပ်လက်မဲ့ပြဿနာတွေ ၊ သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်း ရေး (ရေအရင်းအမြစ်)သျှမ်းပြည်မှာ ရေအရင်းအမြစ် တွေ ပျောက်ကုန်ပြီ ရေထွက်တွေ မရှိတော့ဘူး ၊ မြစ်ချောင်းတွေလဲခန်းကုန်ပြီ ။ အဲ့တာ တွေလဲ ဦးစားပေးလုပ်ရမယ့် ဟာတွေပဲ ။ အဲ့ဒါတွေ ပြီးမှ ကျန်းမာရေး ၊ ပညာရေး ၊ စီးပွားရေးမှာ တစ်ဦးချင်းလုံလောက်တဲ့ဝင်ငွေတွေ ရရှိဖို့ စတာတွေလုပ် ဆောင်ရမှာပါ ။
မေး ။ ။ ခုလက်ရှိ သျှမ်းပြည်နယ် လူထုတွေ စိုးရိမ်ပူပန်နေရတဲ့ သံလွင် မြစ်ပေါ်က ရေကာတာ စီမံကိန်းတွေ နဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားဖို့ရှိလဲ ။
ဖြေ ။ ။ လူထုအတွက်အကျိုးများသလား ၊ အပြစ်များသလား ချိန်ကြည့် မယ် ။ အကျိုးများတဲ့ဟာကို ဆက်လုပ်မယ် ။ လူတွေကို အမှောင်ထဲမှာ နေ ထိုင်း နဲ့ တရုတ်တွေကိုကူညီပေး တဲ့ကိစ္စမှာ အရင်အစိုးရလက်ထက်က လူတွေ ကိုယ်ကျိုး စီးပွားမပါပဲ လက်မှတ်ထိုးစရာအကြောင်းကို မရှိဘူး ။ လူထုကိုအခြေပြုပြီးစဉ်းစား ဖို့လိုတယ် ။
မေး ။ ။ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးစဝ်အောင်မြတ် ရဲ့လုပ်ရပ် အပေါ်ဘာတွေများဝေ ဖန်ချင်ပါသလဲ ။
ဖြေ ။ ။ ထွေထွေထူးထူးမဝေဖန်ချင်ပါဘူး ။ လူဆိုတာသူ့ခေတ်မှာ သူ့ကန့် သတ်မှုနဲ့သူ လုပ်ပိုင်ခွင့်တွေရှိမယ် ။သူ့ပါတီ သူ့စစ်တပ်ရဲ့ဘောင် ထဲမှာသူ့ကိုချုပ်ထားတာလေ ။ သူလုပ်နိုင် သလောက် သူလုပ်တာ ကျနော့် အနေနဲ့ဘာမှအပြစ် ပြောစရာ မရှိပါဘူး ။
မေး ။ ။ ဒါဆို ဆရာတို့ NLDပါတီကအဲ့လိုချုပ်ထားတာမျိုးမရှိဘူး ဆိုတဲ့သဘောလားရှင့် ။
ဖြေ ။ ။ ချုပ်ထားပါတယ် ၊ ဒါပေမဲ့ ဒီလိုမျိုး ပုံစံနဲ့ချုပ်ထားတာတော့ မဟုတ်ဘူး ။ လူထုလူတန်းစားတစ်ရပ်လုံးပူးပေါင်းပါဝင်မှုတွေကနေ အခြေခံ ပါတယ် ။ ကမ္ဘာနဲ့ယှဉ် လာတဲ့ ကိစ္စတွေမှာ ပါတီဗဟိုကို အားကိုး ဖို့လိုလာပြီ ။ ကျနော် ကတောသား နိုင်ငံခြား တောင် တစ်ခါမှ မရောက်ဖူးဘူး ။ အဲ့ဒီလို အနေအထားမျိုးတွေရှိပါတယ် ။
မေး ။ ။ ပြည်နယ်အစိုးရဖွဲ့တဲ့အခါ ဆရာ့အနေနဲ့ ဘယ်လိုလူမျိုးတွေ ကိုပါဝင်စေချင်သလဲ ။
ဖြေ ။ ။ ကျနော့် အနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့တဲ့အခါ တိုင်းရင်း သား ၀န်ကြီးတွေ အများကြီးပါလာဖို့ကျနော့်ကြိုးစားနေပါတယ် ။ ဗဟိုက အတည်ပြုဖို့လည်းလိုပါတယ် ။ ကျားခေါင်း ကိုကမ်းလှမ်းတဲ့အခါ သူတို့ပါတီ ပေါ်လစီအရ သူတို့ မယူဘူးလို့ ငြင်းပယ်ထားပါတယ် ၊ ဒါကိုလည်းကျနော့် တို့နားလည်ပါတယ် ။
မေး ။ ။ သျှမ်းပြည်နယ်လူထုကို ဆရာ့အနေနဲ့ ဘာများပြောကြားချင် သေးလဲ ။
ဖြေ ။ ။ နားလည်တယ် သူတို့စိတ်မသက်မသာဖြစ်ရတာကို စိတ်မ ကောင်းဘူး ၊ ဒီအချိန်မှာတော့ ကျနော့် အမေကိုလဲ ဘာဖြစ်လို့ ဗမာကို သွားယူတာလဲ လို့ ပြောခွင့် မရတော့ဘူးပေါ့ဗျာ ။ ဒါပမဲ့ ကျနော့်ကိုကြိုးစား ခွင့်ပေးကြည့်ပါဦးလို့ ။ တစ်နှစ် နှစ်နှစ်လုပ်ကြည့်ပြီးမှ လူထုက ဘယ်လို မှလက်မခံနိုင်ပါဘူးဆိုရင် စိတ်မပူပါနဲ့ ဒေါ်အောင်ဆန်းစုကြည် ကကျနော့် ကို အိပ်ယာလိပ် လိပ်ပြီးပြန်ဖို့ချက်ချင်းပြောမှာပါ ။ ကျနော်ကတိပေးနိုင် တာတစ်ခုရှိတယ် ဘယ်တော့မှမခိုးဘူး ။ ကျနော့် အကောင့်ထဲကို ဘယ်လောက် ထည့်ပေးပါတို့ဘာတို့ ဖြစ်လာစရာအကြောင်း မရှိဘူး ။
သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို အဖ ဦးကြည်ရှိန် ( ကျန်းမာရေးမှူး) အမိဒေါ်သန်းလှ (မူလတန်းအငြိမ်းစား) တို့မှ မွေးဖွားခဲ့ပါသည်။ မိဘများ၏ဇာတိမှာ ဧရာဝတီတိုင်း ၊ မအူပင်မြို့မှဖြစ်ပါသည် ။ ၁၉၆၀ တွင် ရန်ကုန် (ကြည့်မြင်တိုင်) တွင် ဦးလင်းထွဋ်အား မွေးဖွားခဲ့သည် ။ ၁၉၈၀ မှ ၁၉၈၄ အထိ ရန်ကုန်မြို့တွင် သွားဖက် ဆိုင်ရာ ဆေးကျောင်းတက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၅ တွင်အလုပ်သင်ဆရာဝန် အဖြစ်ပြီးမြောက် အောင်မြင်ခဲ့သည် ။ ၁၉၈၈ တွင် အစိုးရအမှုထမ်းဘဝသို့ရောက်ရှိခဲ့၍ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ပြည်သူ့ဆေးရုံတွင် သွား ဆရာဝန်တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၄ တွင်လားရှိုးပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့သည် ။ ၂၀၀၆တွင် သွားဆရာဝန်လိုင်စင်သိမ်းခံရသည် ။ အသနားခံစာပြန်တင်ပြီး ၂၀၁၀ မှ ၂၀၁၆ အထိ လားရှိုးတွင် သွားဆေးခန်းဖွင့်ကာ ရပ်တည်ခဲ့သည် ။ ဇနီးသည်မှာ သျှမ်းအမျိုးသမီး ဒေါ်နန်းရွှေမြင့် (လားရှိုးဇာတိ) ဖြစ်ပြီး လက်ရှိတွင် ကျောက်မဲခရိုင် တရားသူကြီး အဖြစ်တာဝန်ထမ်း ဆောင်နေပါသည် ။ ၄င်းတို့တွင် အသက် ၂၅ နှစ် အရွယ် စိုင်းထင်လင်းထက် အမည်ရ သားတစ်ဦးရှိပါသည် ။
နိုင်ငံရေးလှုပ်ရှားမှု - ၁၉၈၈ ပြည်သူ့အရေးတော်ပုံ တွင်လှုပ်ရှားပါဝင်ခဲ့ဖူးပြီး ၊ Care Myanmar NGO အဖွဲ့အစည်းတစ်ခုတွင်ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည် ။ မိမိသည် အစိုးရဝန်ထမ်းဖြစ်သည့် အတွက် NLD ပါတီဝင်တစ်ဦး မဟုတ်ခဲ့သော်လည်း နောက်ကွယ်မှ ပါတီအား ပံ့ပိုးခဲ့သူတစ်ဦးဖြစ်ပြီး NLD ၏တာဝန်ပေးအပ်မှုကို ကျေပွန်စွာထမ်းဆောင်ခဲ့သည် ။
Tags: Interview