စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ ဟုတ်ရဲ့လား



NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေဦးဆောင်မဲ့ အစိုးရအဖွဲ့ စာရင်းတွေအခုဆိုရင် အကုန်လုံး ထွက်ပြီးလို့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်မဲ့ သူတွေပါ အတည်ပြုလို့ ပြီးကုန်ပါပြီ ။


နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်းပထမဆုံးအရပ်သားအစိုးရတရပ်ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့ အတွက် လူထုအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေကြတာလည်း တွေ့ရပါတယ် ။


ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရအဖွဲ့ဟာအမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အစိုးရဖြစ်မယ်လို့ ရွေးကောက် ပွဲပြီးစ ကာလကတည်းက ကတိပေးထားခဲ့သလို အခုဆိုရင်တော့ ရုတ်တရက်ကြည့်ရင် အရောင် အသွေး စုံလင် တယ်လို့ ယူဆစရာရှိတဲ့ အစိုးရအဖွဲ့ တရပ် လွှတ်တော်အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာခဲ့ပါပြီ ။


သို့သော်ငြားလည်းလက်ရှိအချိန်အထိအခုဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့ဟာ တကယ်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုဦးတည်စေမဲ့ အစိုးရအဖွဲ့ဟုတ်ရဲ့လားဆိုတာ သံသယ ရှိစရာကောင်း နေဆဲ ပါပဲ ။


တကယ်ပဲအမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်တယ်ဆိုရင်အင်အားစုပေါင်းစုံပါဝင်နိုင်မှာဖြစ်တဲ့အတွက် အခုလောက်ဆိုရင်ပွတ်တိုက်မှုကင်းကင်းနဲ့ ခရီးတစ်ခုကိုအတူတကွ သွားကြဖို့အသင့်ဖြစ်နေ ရမှာပါ ။ အခုရက်ပိုင်းမှာဖြစ်နေတဲ့ သတင်းတွေဖြစ်တဲ့ ၈၈ မျိုးဆက် တွေက NLD အစိုးရက ကော်မရှင် ဥက္ကဌရာထူးတွေပေးဖို့ ကမ်းလှမ်းတာကိုလက်မခံတာ ၊ သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့ ၀န်ကြီး တချို့ ကိုNLD ကကမ်း လှမ်းခဲ့ပေမဲ့လက်မခံတာ ၊ NLDရဲ့ သက်တမ်းရှည် မဟာမိတ်ဖြစ်တဲ့ SNLD သျှမ်းတိုင်း ရင်းသားပါတီက NLDအစိုးရမှာ ဘာရာထူးမှ မယူတော့တာ ကစလို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ် သျှမ်းပါတီ ကိုပေးဖို့ တောင်း ဆိုမှုအချို့ရှိခဲ့တာ ၊ တပ်ကိုယ်စားလှယ်တွေ က အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် NLD ကိုယ်စား လှယ်အချို့ကိုကန့်ကွက်မှုတွေ လုပ်လာတာ ၊ ရခိုင်မှာအနိုင်ရခဲ့တဲ့  ရခိုင်ပါတီ ကို ရခိုင် အစိုးရဦးဆောင်ဖွဲ့စည်းခွင့်အတွက် ဆန္ဒပြပွဲတွေဖြစ်လာတာ ၊ ရခိုင်ဝန်ကြီးချုပ်အဖြစ် NLDပါတီဝင်ဦးညီပုကိုရခိုင်ပြည်နယ် လွတ်တော်မှာအမည်တင်သွင်းတဲ့နေ့မှာပဲ ရခိုင်ပါတီ ANP ကိုယ်စားလှယ်တွေကကန့်ကွက်ဆန္ဒပြကြတာတွေကို ကြည်ရင်ပဲအဓိကကျ တဲ့ အင်အားစု တွေအကြားဆက်ဆံရေးအေးခဲမှုတွေကို မြင်နေရသလိုအခုဖွဲ့လိုက်တဲ့ အစိုးရကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုအမှန်တကယ် ထင်ဟပ်တဲ့အစိုးရ ဟုတ် မဟုတ်ဆိုတာသံသယ ၀င်စရာ ဖြစ်စေပါတယ် ။


ဒါ့အပြင်NLDဖွဲ့လိုက်တဲ့ အစိုးရအဖွဲ့ထဲဦးသိန်းစိန် အစိုးရအဖွဲ့တပ်မတော်နဲ့ အစေးမကပ် သူတွေများ နေတာ လွှတ်တော်ရေးရာကော်မတီတွေမှာ သူရဦးရွှေမန်းရဲ့အုပ်စုတွေ များနေတာ စတဲ့ကိစ္စတွေ လည်း ရှိနေတာပါ ။


တကယ်တော့ မြန်မာနိုင်ငံမှာအမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောမယ်ဆိုရင် အနည်းဆုံးအစ်ရှူး လေးခုကိုအခြေခံစဉ်းစားဖို့လိုပါတယ်။ ဒီမိုကရေစီအရေး ၊ တိုင်းရင်းသား တန်းတူအရေး ၊ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ပြသနာ ၊ ကာလရှည်လူမှုစီးပွားဘဝ နိမ့်ကျမှု ပြသနာစတဲ့ အချက်တွေ အပေါ်မူ တည်စဉ်းစားဖို့လိုပါတယ် ။ လက်ရှိ ပကတိ အနေထားအရဆိုရင် အခုဖွဲ့မဲ့အမျိုးသား ပြန်လည်သင့်မြတ် ရေး ဆိုတဲ့ အစိုးရအဖွဲ့မှာ ဒီမိုကရေစီအင်အားစုတွေ ဘက်ကလွတ်လပ်စွာနဲ့ပူးပေါင်းပါဝင်ခွင့်ရှိဖို့ လိုသလို ၊ စစ်အုပ်စုကလာသူတွေဘက်ကတွက်ရင်လည်းဦးရွှေမန်း ၊ သူရဦးအောင်ကို ၊ ဦးအောင်သောင်း ရဲ့ အဆွယ်အပွားတွေလောက်နဲ့ တင်မလုံလောက်ပဲ ဦးသိန်းစိန် ၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေပါ ပါဖို့လိုပါတယ် ။


တိုင်းရင်းသားတွေဘက်ကလည်းပြကောင်းရုံ သက်သက် တိုင်းရင်းသားတွေမဟုတ်ပဲ တကယ် တိုင်း ရင်းသားအင်အားစုပေါင်းစုံကို သြဇာရှိ လွှမ်းခြုံတဲ့တိုင်းရင်းသား ခေါင်းဆောင်တွေလည်းပါဖို့ လိုအပ် နေတာကပကတိအရှိတရားပါ ။


အခုလတ်တလောအစိုးရအဖွဲ့နဲ့ လွှတ်တော်တွေရဲ့ဖွဲ့စည်းမှုတွေကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပကတိ အရှိတရားလိုအပ်မှုဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ ဆို တာနဲ့ အများကြီးလွဲချော် နေတာတွေ့ရပါတယ်။ တိုင်းရင်းသားပါဝင်မှုများပေမဲ့ လူရိုသေရှင်ရိုသေတိုင်းရင်းသားနိုင်ငံရေးသမား ဆိုလို့ ဦးအေးသာအောင် တယောက်သာ လွှတ်တော်မှာ ဒုတိယဥက္ကဌနေရာအဖြစ် ရယူထားနိုင်တာ တွေ့ရသလိုဒုတိယသမ္မတနေရာ ရယူထားနိုင်တဲ့ ချင်းတိုင်းရင်းသားတဦးပါဝင်နေပေမဲ့ တိုင်းရင်းသား အများစုအပေါ် လွှမ်းခြုံမှု ရှိသူ ၊ တိုင်းရင်းသားအရေးစွမ်းစွမ်း တမံဆောင်ရွက်ခဲ့သူ မဟုတ်ပြန်ပါဘူး ။ ပြီးတော့ဦးအောင်သောင်းနဲ့ နီးစပ်သူဖြစ်နေပါသေးတယ် ။ ခရစ်ယာန်ဘာသာဝင် ဖြစ်တာတစ်ခု လောက်ပဲ သူ့အတွက် အားသာချက်ရှိနေပါတယ် ။ OTS ဆင့် တပ်မတော် အရာရှိ ဟောင်းဖြစ်တဲ့ အတွက် သူ့ကိုခန့်လိုက်လို့ တပ်မတော်နဲ့အဆင်ပြေသလားဆိုတော့ လည်းအဆင်မပြေပြန်ပါဘူး ။


သူ့ကိုခန့်မယ်ဆိုကတည်းကတပ်မတော်သားကိုယ်စားလှယ်တွေကကန့်ကွက်ခဲ့တာအားလုံးအသိပါပဲ။ကျန်တဲ့ တိုင်းရင်းသားတွေကို ပြည်နယ်ဝန်ကြီးချုပ်ရာထူးအထိပေးတာရှိပေမဲ့ အကုန်လုံးက အန်အယ်လ်ဒီ ပါတီဝင်တွေကြီးကြီးပါ ။ ဒါကြောင့်လဲရခိုင် ၊သျှမ်းမှာလို NLD ပါတီမနိုင်တဲ့ ဒေသတွေမှာ ပြသနာ အချို့ပေါ်ပေါက်လာရခြင်းနဲ့ စိန်ခေါ်မှုအချို့ ကြုံတွေ့လာရခြင်းဖြစ်ပါတယ် ။


NLDရဲ့ အစိုးရဖွဲ့စည်းရေးကဘယ်လောက်အထိလွဲချော်ခဲ့သလဲဆိုရင် တသက်လုံးနီးကပ် ခဲ့တဲ့ တိုင်းရင်းသား မဟာမိတ်ဖြစ်တဲ့ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် က လူတွေတောင် NLDအစိုးရမှာဘာနေရာမှ မယူတော့ပဲရှောင်ထွက် ခဲ့တာကြည့်ရင် တစ်ခုခုမှား နေတယ် ဆိုတာ သေချာစေခဲ့ပါတယ်။ ၈၈ လိုဒီမိုကရေစီအုပ်စု တွေ ကလည်းငြင်းဆန် ဦးအောင်မင်း ၊ ဦးဝင်းရှိန် တို့လို သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ဝင် တွေ ကလည်း ငြင်းဆန် ဆိုတဲ့အနေထားက တစ်ခုခုမှား ယွင်းနေတာကအသေချာပါပဲ ။


၈၈ မျိုးဆက် ကိစ္စကိုစကြည့်ရအောင်ပါ ။

ကိုမင်းကိုနိုင် ၊ ကိုကိုကြီးဦးဆောင်တဲ့ ၈၈ မျိုးဆက် အချို့ကိုNLDအစိုးရကဖွဲ့စည်းမဲ့ လူ့အခွင့်ရေး လိုကော်မရှင်တွေမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ လက်မခံခဲ့ပါဘူး ၈၈ အဖွဲ့က ။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတော့ ၈၈ အဖွဲ့အနေနဲ့ ကမ်းလှမ်းတာမဟုတ် ပဲကိုမင်းကိုနိုင် တယောက်တည်း ကိုပဲကမ်းလှမ်းခဲ့တာကြောင့်ဖြစ်ပါတယ် ။


တကယ်လို့ ကိုမင်းကိုနိုင်သာအဲဒီရာထူးကိုအဖွဲ့နဲ့ မတိုင်ပင်ပဲသူ့သဘောနဲ့ သူသာသွားယူ လိုက် ရင် အဖွဲ့ပါ နှစ်ခြမ်းသုံးခြမ်းကွဲသွားနိုင်တဲ့ အခြေနေမှာရှိနေခဲ့တဲ့အတွက်ဖြစ်ပါတယ် ။ ၈၈ မျိုးဆက်အများစု အနေနဲ့ နှစ်ပေါင်းများစွာ NLD အစိုးရကို ၀န်းရံခဲ့တာမှန်ပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအကြို ကာလကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေမှာ ၈၈ အဖွဲ့တွေကိုတပြုံ တစ်ခေါင်းလုံး NLD ဘက်က ချန်လှန်ခဲ့ပြီးနောက်ပိုင်း ၈၈ နဲ့ NLD အကြား ဆက်ဆံရေး ကကောင်းမွန်လှတာ မဟုတ်ပါဘူး ။


ကိုယ်စားလှယ်လောင်းစာရင်းကချန်လှန်ခံခဲ့ရတဲ့ ကိုကိုကြီးဆိုရင် ပါတီအသစ်ထောင်မယ် လို့ အတိ အလင်းကြေငြာထားခဲ့တာပါ ။


ဒီလိုအနေထားမှာ ကိုမင်းကိုနိုင်တဦးတည်းကိုကွက်ပြီး ကမ်းလှမ်းခဲ့ တာဟာရိုးဖြောင့်ပါရဲ့ လား ။ တဘက် အဖွဲ့စည်းကိုဆက်တက်မလာအောင် လုပ်တာလားဆိုတာ ကာယကံရှင်တွေပဲသိပါလိမ့်မယ် ။


လတ်တလောရခိုင်ပါတီကိုကြည့်ရင်လည်း ထိုနည်း၎င်းပါပဲ ။ ဦးအေးသာအောင်ကို ဆွဲထုတ်ပြီး လွှတ် တော်မှာနေရာပေးဆိုတဲ့အလုပ်ကို စလုပ်ခဲ့ပါတယ် ။ ဦးအေးသာအောင်က လည်းပါတီနဲ့ ညှိနှိုင်းတိုင် ပင်ခြင်း မရှိတာကြောင့် ပါတီကွဲရမဲ့ အခြေနေရောက်လာခဲ့ပါပြီ ။ တကယ်တော့ ရခိုင်ပါတီရဲ့ တာဝန်ရှိ သူအများစုက ပြည်နယ်အစိုးရရရှိရေးဆိုတာသူတို့ရဲ့ အဓိကပဓာနကျတဲ့ ပန်းတိုင်ပါပဲ ။ မွန်ပါတီက တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့နိုင်သက်လွင်လည်း ထိုနည်း၎င်းပါပဲ။ ရာထူးကိုပါတီချင်းကမ်းလှမ်းခဲ့ တာမဟုတ်ပဲတစ်ဦးချင်းစီ အလိုက်ကမ်းလှမ်းခဲ့တာပါ ။


နိုင်သက်လွင်ရဲ့သမီးဖြစ်သူ မိကွန်ချမ်းဟာ NLDလွှတ်တော် ကိုယ်စားလှယ်ဖြစ်တာကြောင့် လည်း နိုင်သက်လွင် ဟာပါတီကိုညှိနှိုင်းတိုင်ပင်ခြင်းမရှိပဲ NLDနဲ့ ပူးပေါင်းခဲ့တာ တွေ့ရပါ တယ် ။ နိုင်သက်လွင် ကို ခန့်ခဲ့ပေမဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ရာမှာတော့ NLDပါတီ ၀င်ကိုပဲ ခန့်အပ်ခဲ့တဲ့ အပြင် အဲဒီပါတီဝင်ကလည်း ဗမာဖြစ်နေတာ သွားတွေ့ရ ပါတယ် ။


သျှမ်းပါတီဖြစ်တဲ့ SNLD ဆိုရင် အစောပိုင်းတုန်းကဒုတိယသမ္မတနေရာအထိ နာမည်ထွက် ခဲ့ပါတယ် ။ ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်အနေနဲ့ NLDရဲ့ ဆင့်ခေါ်ချက်အရ ဒုသမ္မတလောင်း ရွေးချယ်မဲ့ နေ့မတိုင်မှီ နေပြည်တော်ကိုအရောက်သွားခဲ့ပေမဲ့ ခဲလေသမျှ သဲရေကျ ခဲ့ရပါတယ် ။ တကယ်တော့ သမ္မတလောင်းစာရင်းနာမည်ထွက်သူ တွေထဲမှာ စိုင်းညွှန့်လွင်ဟာ နိုင်ငံရေးအရ သြဇာရှိသူတဦးဖြစ်သလို တိုင်းရင်းသားနိုင်ငံရေး အသိုင်းဝိုင်း သာမက ပြည်တွင်း နိုင်ငံရေးအသိုင်း အဝိုင်းကပါ လေးစားရသူတဦးလည်း ဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်း ဖြစ်ပါတယ် ။


အဲဒါမရတော့ တိုင်းရင်းသား ရေးရာဝန်ကြီးဆိုပြီး ကမ်းလှမ်းပြန်ပါတယ် ။ ဒီတစ်ခါလည်းပါတီ အလိုက်ဆွေးနွေးတာမျိုးမဟုတ်ပဲ လူပုဂ္ဂိုလ်ကိုသာဆွဲထုတ်ခေါ်တဲ့ သဘောပါ ။


ဒီအတိုင်းဆိုရင် ပါတီအလိုက်သင့်မြတ်ရေးမဟုတ်ပဲ NLD ရဲ့ အောက်မှသာသွားရမဲ့ အနေထားဖြစ်နေတဲ့ အတွက် SNLD ပါတီအနေနဲ့ လက်မခံတော့ပါဘူး ။


သူတို့တကယ်လိုလားခဲ့တာကတော့ ပြည်တွင်း စစ်ဒဏ်ကြောင့် အလူးအလဲဖြစ်နေတဲ့ သျှမ်းပြည်နယ်အတွက် သျှမ်းဝန်ကြီးချုပ်ရာထူးပဲဖြစ်ပါတယ် ။


ဒါပေမဲ့ NLDကမပေးနိုင်တဲ့အတွက် နောက်ဆုံးမှာသူတို့အနေနဲ့ NLD ကိုအတိုက် အခံမလုပ်ပဲ ပြည်နယ်အစိုးရမှာရာထူးမယူဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ ဖြစ်လာပါတယ် ။ အခု သျှမ်းပြည်နယ် ၀န်ကြီးချုပ်ခန့်လိုက်တော့လည်း အစဉ်အလာမရှိတဲ့ ဗမာတယောက်ဖြစ်နေ ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သျှမ်းတွေကိုဘယ်သူ့ကျွန်မှ မဖြစ်စေရဘူးဆိုတဲ့ စကား ကိုပျက်ရယ်ပြုနေ သလိုပါပဲ ။ တကယ်လို့ SNLD သာလက်ခံလိုက်ရင်လည်း နိုင်ငံရေး အရသဘောတူညီမှု မရှိပဲလက်ခံတာဖြစ် တဲ့အတွက် ချောင်ထိုးထားလိုက်ရင် သူတို့အနေနဲ့ နိုင်ငံရေးအရ တဖြည်းဖြည်း ကျရှုံးသွားနိုင်ပါတယ် ။ NLDကလက်ခံထားတဲ့ တဦးတည်းသော ၈၈ ခေါင်းဆောင်ဖြစ်တဲ့ ကိုပြုံးချိုကိုပဲ ကြည့်ပါ ။


အခုထိလွှတ်တော်မှာဘာနေရာမှ ဟုတ်တိပတ်တိမရသလိုအသံလည်းထွက်မလာ တော့ပါဘူး။ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကဝန်ကြိးတွေနဲ့ အလုပ်အဖွဲ့တွေကိုကမ်းလှမ်း ခဲ့တာတွေလည်း ရှိခဲ့ပါတယ် ။ NLD ကသူ့အစိုးရမှာပါဝင်ဖို့ကမ်းလှမ်းပေမဲ့ ဦးသိန်းစိန်နဲ့ ဆွေးနွေးတာမျိုး မဟုတ်ပဲ တယောက်ချင်းစီ ဆွဲခေါ်တဲ့အနေထားပါ ။


သဘောကနိုင်ငံရေးအရသဘောတူညီမှုနဲ့ မဟုတ်ပဲဆွဲ ထုတ်တာ ဖြစ်တဲ့ အတွက် အခန့် မသင့်ရင် တဘက်အဖွဲ့အတွက် အင်အားပါ ပိုမိုယုတ်လျော့ စေပါလိမ့်ဦးမယ်၊ ဒါကြောင့် သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့ဝင် ၀န်ကြီးအချို့အနေနဲ့ ငြင်းဆန်ခဲ့ တယ်လို့ အစိုးရအဖွဲ့ နဲ့နီးစပ်သူ တွေက စာရေးသူကိုပြောပါတယ် ။ တကယ်လို့ ဦးသိန်းစိန်နဲ့သာ အဆင်ပြေ ခဲ့မယ်ဆိုရင် သမ္မတဦးသိန်းစိန်ကို တပ်မတော်ကလေးစားတဲ့ အတွက် လတ်တလော ကာလမှာ တပ်က  ကပျက်ကယက် လုပ်သလို ကိစ္စတွေကလုပ်ချင်မှ လုပ်ပါလိမ့်ဦးမယ် ။


သူရဦးအောင်ကို ဦးသိန်းဆွေတို့ဟာ NLDအစိုးရအဖွဲ့ထဲရောက်နေပေမဲ့ NLDနဲ့ ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်း ဆောင်တွေ အကြားနိုင်ငံရေးအရသဘောတူလို့ ရောက်နေခဲ့တာ မဟုတ်ပါဘူး ။ NLDအနေနဲ့ ဆွေးနွေး ခဲ့ခြင်း လည်းမရှိပါဘူး။သူတို့ဟာသူရဦးရွှေမန်းရဲ့ လူတွေဖြစ်ပါတယ် ။


အခုဖွဲ့စည်းထားတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကိုသေချာပြန်ကြည့်မယ် ဦးရွှေမန်း ၊ ဦးအောင်သောင်း တို့ရဲ့ လူတွေသာများနေတာတွေ့ရပါတယ် ။ သူတို့နဲ့ ပြေလည်လို့ တပ်နဲ့ ပြေလည်မလားဆိုတာ ကလည်း မသေချာပါဘူး ။ တပ်က မျက်စိစပါးမွှေးဆူးသူတွေထဲ သူတို့အုပ်စုထိပ်ဆုံးကပါနိုင်ပါတယ် ။


တကယ်တော့ တပ်ပေါင်းစု မူဝါဒနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုတည်ဆောက်တဲ့ နေရာမှာ နမူနာ ယူစရာတွေ အများကြီးရှိပါတယ် ။


ဗိုလ်ချုပ်အောင်ဆန်းကိုပဲနမူနာယူမလား ၊ ခေတ်သစ်မှာ အောင်မြင်ခဲ့တဲ့ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားကိုပဲ နမူနာယူမလား ယူစရာ တွေကြီးကြီးပါပဲ ။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ နယ်လ်ဆင်မင်ဒဲလားတို့ဟာ အမျိုးသားခေါင်းဆောင်တွေဖြစ်သလို ပါတီအ လိုက်အဖွဲ့အစည်းအလိုက် ဖြစ်စေ မျိုးနွယ်စုတွေအကြား ယုံကြည်မှုနဲ့ သင့်မြတ်ရေး တည်ဆောက် ခဲ့ရာမှာလည်းငါကအားသာတယ် ၊ လူထုထောက်ခံမှုများတယ်ဆိုပြီးခွဲခြားမှု တွေ မလုပ်ခဲ့ပါဘူး ။ အား လုံး ပါဝင်ရေး အတွက် သဘောထားကြီးကြီးနဲ့ ဆောင်ရွက် ခဲ့ပါတယ် ။


အတိုက်အခံအချင်းချင်းသော်လည်းကောင်း ၊ မျိုးနွယ်စုတွေနဲ့သော်လည်းကောင်း နိုင်ငံရေးအရ အကျေအလည်ဆွေးနွေးပြီးမှသာတဘက် အင်အားကြီးတဲ့ သူတွေနဲ့ သွားရင်ဆိုင်တာပါ ။ ဘဝတူ တွေအချင်းချင်းကြားမှာလည်း ပုံမှန်ဆက်ဆံရေးရှိအောင် နေခဲ့တာလည်း သမိုင်း အထောက်ထား တွေအရ အရှင်းသားတွေ့မြင်ရပါတယ် ။ ဘယ်တော့မှ ကိုယ့်တပ်ကို ချမနင်းပါဘူး ။ သွားရောက်ရင် ဆိုင်တဲ့နေရာမှာလည်း ပြိုင်ဘက် ရန်သူလို့ ဆိုနိုင်သူကိုလေးလေးစားစားနဲ့ ဆက်ဆံတဲ့အတွက် ရန်သူတွေကပါ လေးစားရသူတွေဖြစ်ပါတယ် ။ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရမှာဆိုရင် ဘယ်လောက်ပဲ အငြိုးအာဃာတတွေရှိခဲ့ရှိခဲ့ ယခင် အာဏာရှင် လူဖြူတွေအပါဝင် ပါတီပေါင်း ၂၆ ပါတီက ခေါင်းဆောင်တွေပါဝင်နိုင်ခဲ့တာပါ ။


အခုကြုံနေရတဲ့ အခြေနေကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီဘက်တော်သား အချင်းချင်းကြား ထဲမှာတောင် ယုံကြည်မှုကောင်းကောင်း မတည်ဆောက်နိုင်သလို ၊ ဒီမိုကရေစီခေါင်းဆောင် ဆိုသူနဲ့ တိုင်းရင်းသားတွေအကြားမှာလည်း ဘယ်လောက်ယုံကြည်မှု တည်ဆောက်ထား သလဲဆိုတာက မေးခွန်းထုတ်စရာရှိနေပါတယ် ။


အခုဆိုရင်ပဲ ဗမာခေါင်းဆောင်ရဲ့ အမြင်မကျယ်မှုကြောင့် လူထု အကြား မှာ ဥပမအားဖြင့် ( ရခိုင် နဲ့ ဗမာ ) ( သျှမ်းနဲ့ ဗမာ) စသဖြင့် နိုင်ငံရေးအရ ကွဲလွဲမှုကတဆင့် စိတ်ဝမ်းကွဲမှုတွေ ရှိလာပါတယ် ။ အခြားအုပ်စုကွဲတွေဖြစ်နေတာ မျိုးနွယ်စုတွေအချင်းချင်း တိုက်ခိုက်မှု တွေဖြစ်နေတာ ဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး ။ အမြင်မတူကွဲလွဲတာကို လက်ခံ ရတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်သလို တိုင်းရင်းသားတွေနဲ့ မိမိနယ်မြေ မိမိအုပ် ချုပ်ခွင့်ကို တောင်းဆို နေတာဟာ သူတို့ရပိုင်ခွင့်ဖြစ်ပြီး တနည်းအားဖြင့် အဲဒီအချက်ဟာ ပြည်တွင်းစစ် နဲ့ ဆက်စပ်နေတယ် ဆိုတာ မမေ့ဖို့လိုပါတယ် ။


( ဥပမာအားဖြင့် သျှမ်းလိုလက်နက်ကိုင်အင်အားကြီးအဖွဲ့ ရ ဖွဲ့လောက်ရှိတဲ့ ပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားပါတီကို ပြည်နယ်ဝန်ကြီးချုပ်ရာထူးပေးခြင်းအားဖြင့် အပစ်ခတ်ရပ်စဲရေးကို ပိုပြီး အထောက်ကူ ပြုလာနိုင်စေပါတယ် ။ )


တိုင်းရင်းသားအများစုရဲ့ ယုံကြည်ကိုးစားမှုကို မရပဲ ကိုယ့်စကားနားထောင်တဲ့ ပါတီဝင်တိုင်းရင်းသား လောက်ကိုသာ အုပ်ချုပ်ခွင့်ပေးရုံနဲ့ တိုင်းရင်းသားပြသနာ မပြေလည်သွားဘူးဆိုတာ သမိုင်းသာဓကတွေလည်း မြောက်မြားစွာရှိနေခဲ့တာပါ ။


ဒါ့အပြင် အရပ်ဘက်စစ်ဘက်ဆက်ဆံရေးအရ အီလစ်တွေကြားထဲမှာ ( အရပ်ဘက် အီလစ် ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ထိပ်သီးခေါင်းဆောင်တွေ အကြား ဆက်ဆံရေး ) ကလည်း ချောမွေ့နေတယ်လို့ မဆိုလိုနိုင်ပါဘူး ။ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းရေးဖြစ်စဉ်ဟာ အရေးပါတာမှန်ပေမဲ့ ဒါဟာ အဆင့်တဆင့်သာဖြစ်ပါတယ် ။


လတ်တလောနိုင်ငံရေးဖြစ်စဉ်အရ ညွှန်းဆိုနေတာက သင့်မြတ်ရေးလို အော်နေပေမဲ့ ဖြစ်နေတဲ့ အကျိတ် အခဲတွေ ပွတ်တိုက်မှုတွေက တဆင့် ပြသနာတွေ ဖြစ်လာဖို့ တာစူနေတာတွေက မူမရှိပဲသွား နေတဲ့ သင့်မြတ်ရေးဆိုတာကို ညွှန်းဆိုနေပါတယ် ။


ကိုယ့်တပ်ကိုယ်ချနင်းဝံ့သူကို ဘယ်လောက်အထိ ယုံရရမလဲဆိုတာလည်း တပ်ဘက်က လည်း စဉ်းစားနေကောင်း စဉ်းစားနိုင်ပါတယ်။ လူထုကို ပျားရည်နဲ့ ၀မ်းချဖို့ဆိုတာကလည်း ရေရှည်မှာတော့ မလွယ်ပါဘူး ။


လောလော ဆယ်အခြေနေအရတော့ တပ်မတော် ၊ ဒီမိုကရေစီ အင်အားစု ၊ တိုင်းရင်းသား အင်အားစုဆိုတဲ့ သုံးပွင့်ဆိုင် သင့်မြတ်ရေးကလည်း လေထဲတိုက်အိမ်ဆောက်နေဆဲပါပဲ ။


အောင်မြင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ဖြစ်ချင်တယ်ဆိုရင်အားလုံးက တလှေတည်းစီး တစ်ခရီးတည်းသွားလို့ သဘောထားရမှာဖြစ်သလို လှေကို ဦးဆောင်မဲ့ လှေဦးစီးကလည်း သာတူညီမျှစိတ်ဓါတ်ထားရှိမှ ဖြစ်မှာပါ ။ အောင်မြင်ခဲ့တဲ့ တောင် အာဖရိက သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ သုတေသန စာတမ်းတွေ စာအုပ်တွေ ရေးသားခဲ့သူ သတင်းစာဆရာ အလစ္စတာ စပတ်ကတော့ ' တွေ့ဆုံဆွေးနွေးရေး အရှိန်ရလာပြီး ယုံကြည်မှုမြင့် တက်လာတာနဲ့အမျှ အဓိကကျတဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ မင်ဒဲလားနဲ့ ဒီကလပ်တို့ဟာ သူတို့ဟာ လှေတစီးတည်းအတူတူ ခရီးသွားကြသူတွေဖြစ် တယ် ။ ရောက်ရင်လည်း အတူတူရောက်မယ် နှစ်မြှပ်ရင်လည်း အတူတူနှစ်မြှပ်မယ်ဆိုတာ တက်ညီလက်ညီလုပ်ရမယ်ဆိုတာ နှစ်ဘက်စလုံးက နားလည်လက်ခံလာတဲ့အတွက် နိုင်ငံသစ်ကို တည်ဆောက်နိုင်ခဲ့တာဖြစ်တယ်' လို့ သူ့ရဲ့ နိုင်ငံသစ်မနက်ဖြန် Tomorrow is another country စာအုပ်မှာ ရေးသားထားပါတယ် ။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates