သျှမ်းပြည်ညီညွတ်ရေးအတွက် ရန်ကုန်၌ သျှမ်းများညီလာခံကျင်းပ
သျှမ်းပြည်ညီညွတ်ရေးအတွက် သျှမ်းပါတီများ ၊ သျှမ်းတပ်မတော်များ ၊ လက်နက်ကိုင်တပ်ဖွဲ့ များ သျှမ်းလူမှုအသင်းအဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် သျှမ်းပြည်ညီညွှတ်ရေးကောင်စီ CSSU ၃ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံအား ရန်ကုန်မြို့၌ ယနေ့ မတ်ခ်ျလ ၃ ရက် က စတင်ကျင်းပသည် ။
ရန်ကုန်မြို့တွင် ယနေ့စတင်ကျင်းပသော CSSU အစည်းအဝေး |
သျှမ်းပြည်ညီညွှတ်ရေးကောင်စီ CSSU အထွေထွေ အတွင်းရေးမှူးကြီး စဝ်ပင်ခမ်း က “ အဓိက အကြောင်းအရာ သုံးခုကို ဆွေးနွေး မယ်။ ပထမ အချက်က CSSU ဥက္ကဌ သစ်ရွေး ချယ်မယ် ၊ ဒုတိယက သျှမ်းပြည် တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးအတွက် ပေါင်းကူး ဆက်ဆံမယ့် ကော်မတီ တရပ်ဖွဲ့စည်း မယ် ။ နောက်တချက်ကတော့ လာမယ့်အစိုးရသစ်မှာ ဘယ်လိုလက်တွဲဖေါ်ဆောင်မလဲဆိုတာကို ဆွေးနွေးကြမယ် ” - ဟု ပြောသည် ။
အဆိုပါ ညီလာခံတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ ခွန်ထွန်းဦး၊ သျှမ်းပြည် တိုးတက် ရေးပါတီ နာယက ဗိုလ်ချုပ်ကြီး ဆေထင် ၊ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဆိုင်ကျော့ပြည်သူ့စစ် မှ ဗိုလ်ချုပ် ကိုင်ဖ ၊ ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း နှင့် သက်ဆိုင်သည့်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ စုစုပါင်း ၄၀ ကျော် တက်ရောက်သည်ဟု သိရသည် ။
သို့သော် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီ ကမူ အစည်းအဝေးတက်ရောက်ရန် ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိကြောင်း သိရသည် ။
သျှမ်းပြည်ညီညွတ်ရေးကောင်မတီ သည် ၂၀၁၃ ခု နှစ်က ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ တမြို့၌ ဖွဲ့စည်းခဲ့သည် ။ ဖွဲ့စည်းစဉ်ကတည်း သျှမ်းပြည်တပ်မတော် RCSS/SSA သျှမ်းပြည် ပူးပေါင်း ဆောင် ရွက်ရေးကော်မတီ SSJAC ( သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၊ သျှမ်းပြည်တိုးတက် ရေးပါတီ SSPP/SSA ၊ ဆိုင်ကျော့ ဌာနေပြည်သူ့စစ် တို့ ပါဝင် ဖွဲ့စည်းထား) နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ပါဝင်ဖွဲ့စည်းထား သည် ။
CSSU ဥက္ကဌ ရာထူးအားလည်း အဆိုပါ သုံးဖွဲ့မှ ခေါင်းဆောင်များက အလှည့်ကျ တာဝန် ထမ်း ဆောင်ရသည်။ ၂၀၁၅ ခုမှ စ၍ အဖွဲ့အစည်း နာမည်၏ အင်္ဂလိပ်ဗျည်းအက္ခရာစဉ်အရ ဥက္ကဌ ဖြစ်သူက CSSU ဥက္ကဌ ရာထူးအား တနှစ်တာဝန်ထမ်းဆောင်ရသည် ။ ၂၀၁၅-၂၀၁၆ တွင် RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က တာဝန်ယူခဲ့သည် ။ လာမည့် ၂၀၁၆ - ၂၀၁၇ တွင် ဗျည်းအက္ခရာစဉ်အရ ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း ကတာဝန်ယူရမည် ဖြစ်သည် ။
Tags: News, politic