တိုင်းရင်းသားရေးဝန်ကြီးရာဌာန ၀န်ကြီးနေရာအတွက် NLD ကမ်းလှမ်းမှု SNLD လက်မခံ
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်မည့် အစိုးရအဖွဲ့တွင် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို ပြည်ထောင်စုအဆင့် အနေဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ အဆိုပါ ၀န်ကြီးဌာန၏ ၀န်ကြီးရာထူးအတွက် မိတ်ဖက်ပါတီဖြစ်သည့် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်အား တာဝန်ယူရန် ကမ်းလှမ်းခဲ့မှုအပေါ် စိုင်းညွှန့်လွင် ဘက်မှ ငြင်းပယ်ခဲ့သည်ဟု သိရသည် ။
စိုင်းညွန့်လွင်၊ အထွေထွေ အတွင်းရေးမှူး ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) |
စိုင်းညွှန့်လွင်အနေဖြင့် မူလက ဒုတိယ သမ္မတ ဖြစ်ရန် အနေထားအထိ ရေပန်းစားခဲ့သူဖြစ်၏ ။ သို့သော် အန်အယ်လ်ဒီပါတီမှ ဒုသမ္မတအဖြစ် တင်သွင်းခြင်း မရှိခဲ့ပေ ။
သျှမ်းပြည်နယ် အခြေစိုက် အင်အားကြီး တိုင်းရင်းသားပါတီဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ငြိမ်းချမ်းရေး ၊ တိုင်းရင်းသားအရေးတို့ကို ပိုမိုဖြေရှင်းနိုင်ရန်အတွက် သျှမ်းပြည်နယ် ၀န်ကြီးချုပ်ရာထူးကို SNLD ပါတီမှ ပါတီဝင်တစ်ဦးအား ပေးစေလိုကြောင်း ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောဆိုထားသည် ။
“ သျှမ်းပြည်နယ်ကို ကျွန်တော်တို့ကို ပေးမယ့် အနေထားက တော်တော်လေးကို နည်းနေတယ်။ အန်အယ်လ်ဒီ ပါတီဝင်ပဲ ဖြစ်ဖို့များမယ်ထင်တယ် ” ဟု ကျားခေါင်းပါတီ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်ကလည်း မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ပြောသည် ။
NLD ပါတီဝင်တစ်ဦးဖြစ်သည့် လားရှိုးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလင်းထွဋ်မှာ သျှမ်းပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာရန် ရေပန်းစားနေသည် ။
သျှမ်းလူမှု အဖွဲ့စည်းအများအပြားကမူ သျှမ်းလူမျိုးမဟုတ်သည့် ပုဂ္ဂိုလ်တဦးကို သျှမ်းပြည်နယ်ဝန်ကြီးချုပ်ပေးမည့်အစား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တဦးကို သျှမ်းပြည်နယ်ဝန်ကြီးချုပ်ရာထူးပေးစေလိုကြောင်း ကြေငြာချက်များထုတ်ပြန်ထားသည် ။
Tags: News, politic