ပလောင် (တအာင်း) တပ် နှင့် နယ်မြေအငြင်းပွားမှုအကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်တွေ့ဆုံမေးမြန်း
မန်မာ့ရိုးရာ အခါသင်္ကြန် အတာပြောင်းတဲ့နှစ်သစ်ကူးမှာ ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး ၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ထုတ်ပြန်ကြေငြာချက် တစောင် ထုတ်ပြန်ပါတယ် ။
အဲဒီထုတ်ပြန်ကြေငြာချက်မှာ သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ သျှမ်းပြည်မြောက်ပိုင်းအတွင်းမှ ၄င်းတို့ ဌာနချုပ်ရှိရာ ထိုင်းနယ်စပ် လွယ်တိုင်းလျဲန်းသို့ တပ်ဆုတ်ပြန်ဖို့ သတိပေးပြောကြားလိုက်ပါတယ် ။ အဲဒီ ပြသနာ ကို သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ဘယ်လိုဖြေရှင်းလိုပါသလဲ ။ ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ် ကြီးယွက်စစ်ကို သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားပါတယ် ။
RCSS/SSA အနေနဲ့ နယ်မြေကျူးကျော်ပြီး သျှမ်းပြည်မြောက်ပိုင်းမှာ သွားရောက်လှုပ်ရှားနေတယ် ။ အဲဒါကြောင့် နယ်မြေအငြင်းပွားရာဒေသက လွယ်တိုင်းလျဲန်း ဌာနချုပ်ကို တပ်ဆုတ်ပြန်ဖို့ TNLA ဘက်က ပြောတဲ့အပေါ် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က အခုလိုဖြေကြားထားပါတယ် ။
စဝ်ယွက်စစ် ။ ။ နယ်မြေကျူးကျော်တယ်ဆိုပြီး ကျနော်တို့ စစ်ကြောင်းကို သူတို့က စတိုက်တယ် ။ နယ်မြေ ကျူးကျော်တယ်လို့ ပြောရလောက်အောင် TNLA နဲ့ RCSS ကြား ဘယ်တုန်းက နယ်မြေ သတ်မှတ် ပိုင်းခြား ထားတာရှိလို့လဲ ။ သူတို့ ကနေ ကျနော်တို့ကို အရင်စတိုက်လို့ တွေ့ဆုံဖြေရှင်းဖို့တောင်းတယ်။ သူတို့ဘက်ကလက်မခံဘူး ။
မေး ။ ။ UNFC ကနေ ကြားဝင်ဖြေရှင်းဖို့လုပ်ပေးတာဟာကော ဘယ်အဆင့်ရောက်ပြီလဲ ။
စဝ်ယွက်စစ် ။ ။ လူလွတ်ပြီး တခါ လာတွေ့တဲ့နောက်ပိုင်း ဘာမှ ပြန်မပြောလာဘူး ။ သူတို့ ဘက်ကနေ ၅ ဦး ရှိ ကော်မတီ ဖွဲ့ထားတယ်ကြားတယ် ။ ဒါပေမယ့် ဒီကနေ့အထိ တွေ့ဆုံဆွေးနွေးဖို့ ဘာမှ မကြားရတော့ဘူး ။
မေး ။ ။ ဒီပြသနာ ဘယ်လိုဖြေရှင်းဖို့ လုပ်မလဲခင်ဗျာ။
စဝ်ယွက်စစ် ။ ။ နေယ်မြေအငြင်းပွားမှု ကိစ္စက စစ်ရေးနည်းနဲ့ဖြေရှင်းမှာ လား။ တွေ့ဆုံဖြေရှင်း မှာ လား။ တွေ့ဆုံဖြေရှင်းမယ်ဆိုရင် ကျနော်တို့လက်ခံတယ်။ သူတို့ ပလောင် က နမ့်ဆန်နယ် မှာ စော်ဘွားနဲ့ အုပ်ချုပ်လာတဲ့ သမိုင်းတွေ ရှိတယ်။ ကျနော်တို့ လက်ခံ တယ်။ ပြသနာကို ဘယ်လိုလက်တွဲဖြေရှင်း မယ်ဆိုတာ တွေ့ဆုံပြီးလက်တွဲ ဖေါ်ဆောင် တာ အကောင်းဆုံး။ ။
မေး ။ ။ တပ်ဆုတ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်သေးလဲခင်ဗျား ။
စဝ်ယွက်စစ် ။ ။ တပ်ဆုတ်ဖို့က မရှိသေးဘူး။ မူစယ်တို့ ၊ နမ့်ခမ်းတို့ ၊ ကျောက်မဲတို့ဆိုတာ ကျနော်တို့ အရင်ကတည်း ကနေ လာတာ ။ TNLA နဲ့ ပြသနာမဖြစ်ခင်တုန်းက အဲ့ဒီဒေသမှာ တပ်အင်အား က ၂၀၀ လောက်ပဲ ရှိတယ် ။ အခု ၂၅၀၀ ကျော်ရှိသွားပြီ ။ ဒီအင်အားတွေ ပြန်နှုတ်ဖို့ တစ် အချက် ကျနော်တို့ ကို ဘာ့ကြောင့် ခြုံခိုတိုက်ခိုက်လဲ ၊ နှစ် အချက် ဖမ်းဆီးထား တဲ့ ဒေသခံ ၂၃ ဦး မှာ ၈ ဦး ပြန်လွတ်ပေးတယ် ။ ကျန်တဲ့သူတွေဘယ်ရောက်နေ လဲဆိုတာ ဖြေရှင်းပြီးရင်အကုန် ပြန်နှုတ်မယ် ။ နယ်မြေသတ်မှတ်တဲ့ ကိစ္စက ကျနော်တို့ အစိုးရမဟုတ်တော့ ဘယ်လိုလုပ် သတ်မှတ်မလဲ ။ လက်တ လောအခြေအနေမှာ နယ်မြေကိစ္စက အဆုံးအဖြတ်မလုပ်နိုင်သေး ပေမယ့်တွေ့ဆုံဆွေး နွေး မယ်ဆိုရင် ဘယ်လိုသွားလာမလဲ ၊ ဘယ်လိုလက်တွဲဖေါ်ဆောင်မလဲ ဆိုလုပ်လာနိုင်မယ် ။ သူတို့လဲသူတို့ အမျိုးသား အတွက် ရည်ရွယ်ချက်ရှိတယ် ။ ကျနော်တို့လဲ ကျနော်တို့အမျိုးသားအတွက် အသက်ရှင်တယ်။ တွေ့ဆုံ ဆွေးနွေးမလား - အဆင်သင့်ပဲ ။ တိုက်ရေးခိုက်ရေးနဲ့ ဖြေရှင်းမလား ။ သူတို့ပေါ်ပဲ မူတည်တယ် ။
သျှမ်းပြည်တပ်မတော် RCSS/SSA ဟာ ဦးသိန်းစိန်အစိုးရ နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ထိုင်းနယ်စပ်အခြေစိုက် သျှမ်းလက်နက်ကိုင်တပ် တခုဖြစ်ပါတယ် ။ TNLA ကတော့ တရုတ်နယ်စပ်အခြေစိုက် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA, ကချင်လွတ်လပ်ရေး တပ်မတော် KIA , မိုင်းလားတပ်မတော် NDAA, သျှမ်းပြည်တပ်မတော် SSPP/SSA, ကိုးကန့်တပ်မတော် MNDAA ရခိုင်တပ်မတော် AA တို့ နှင့် မဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုး ဖို့ ငြင်းဆန်ထားတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ် ။
Tags: Interview