လားရှိုးမြို့ ခမ်းကူစင်တာ အရည်အချင်းမြှင့်တင်ရေးသင်တန်း ပညာဒါန အစီအစဉ်စတင်



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် “ ခမ်းကူ” လေ့လာရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ လူငယ် ဘဝ အခြေခံစွမ်းရည်မြင့်တင်ရေးသင်တန်း ခမ်းကူစင်တာ ၂  တိုးချဲ့ဖွင့်လှစ် ကာ ပညာဒါန အစီအစဉ် တရပ်အား စတင်နေပြီဟု ဒါရိုက်တာ စိုင်းဆိုင်မိန်းကပြောသည် ။


စင်တာ ၂ ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် ခမ်းကူစင်တာမှ  ပညာဒါန တန်းခွဲ သင်တန်း တရပ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ၊ တကယ့်စိတ်ပါဝင်စားသူ ကျောင်းသား လူငယ်များ ၊ ၁၀ တန်းအောင်များ ၊ လုပ်ငန်းခွင်ဝင်မည့်လူငယ်များနှင့် အဖွဲ့အစည်းအတွင်း စေတနာ့ဝန်ထမ်းအဖြစ်ထမ်းဆောင်နေသူ လူငယ်များလျှောက် ထားနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားသည် ။


“ စင်တာ ၂ ကို သင်တန်းနေရာတိုးချဲ့တာပါ ။ ဂျွန်လ ၁၄ ရက်နေ့ ဖွင့်ပွဲကျင်းပပါတယ် ။   သိန်နီလမ်း ရပ်ကွက် ၁၂  ကန်မိန်း ကျောင်းတိုက် အနီးမှာရှိပါတယ် ။  လာရောက်သင်ယူ လေ့လာ တဲ့လူငယ်တွေ များလာတဲ့ အတွက် နေရာချဲ့ရ တာဖြစ်ပါတယ် ။ ခမ်းကူစင်တာ ၁ ကတော့ ဖွင့်လှစ်လာခဲ့တာ ၅ နှစ်ရှိပါပြီ ။ သျှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမဝင်ထဲမှာ တည်ရှိပါတယ် ” - ခမ်းကူ ပညာရေးမြှင့်တင်ရေး စင်တာမှ ဦးဆောင်ဦးရွက်ပြုနေသူ စိုင်းဆိုင်မိန်းက ပြောသည် ။


ခမ်းကူ ပညာရေးမြှင့်တင်ရေးသင်တန်းမှ ကွန်ပြူတာသင်တန်း ၊ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း၊ လူငယ့်အရည်အချင်းမြှင့်တင်ရေး ပညာရပ်များဖြစ်သည့် ဆရာမွမ်းမံသင်တန်း ၊ စီမံခန့်ခွဲမှု သင်တန်းနှင့် ခေါင်းဆောင်မှုပညာသင်တန်း ၊ အင်္ဂလိပ်ဘာသာသင်တန်း၊ အဖွဲ့အစည်း အတွင်း ဦးဆောင်မှုသင်တန်း၊ နိုင်ငံရေး ဗဟုသုတ ဆိုင်ရာသင်တန်း အစရှိပညာရပ် များ အပါအဝင် ခေါင်းစဉ်ကြီး  ၁၂ ခု ရှိကြောင်းသိရသည် ။


“ ခေါင်းစဉ်အလိုက် သင်တန်းပို့ချတဲ့ ကာလကတော့ မတူညီပါဘူး ။ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်သင်ကြားပေးတယ် ။ တချို့ခေါင်းစဉ်ကတော့ ၁ လကျော်ကြာတယ်။ တချို့ဆို ၂ လလောက်ရှိပါတယ် ။ တချို့ကလည်း ၁၅ ရက်လောက်ဘဲကြာပါတယ် ။ ”


ခမ်းကူစင်တာမှ သျှမ်းပြည် မြို့နယ်အသီးသီးမှ လူငယ်များအား အရည်အချင်းမြှင့်တင် ပေး လာခဲ့ရာ ၅ နှစ်တာကာလအတွင်း သင်တန်းသားလူငယ် ၅၀၀ ထက်မနည်းရှိပြီဖြစ် ကြောင်း ခမ်းကူ လေ့လာရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ဒါရိုက်တာ စိုင်းဆိုင်မိန်းကပြောသည် ။


“ လားရှိုးမြို့မှာရှိတဲ့ ခမ်းကူစင်တာမှာသင်တန်းပို့ချနေတဲ့အပြင် ကျေးလက်ဒေသက လူငယ်တွေ မြို့တက်ပြီး ပညာသင်ဖို့က မလွယ်တဲ့အတွက် ကျနော်တို့ ကွင်းဆင်းပြီး ပညာပို့ချပေးတာ လည်းရှိတယ် ။ ဒီနှစ်ဆိုရင်ကျနော်တို့ ကျေးလက်မှာကွင်းဆင်းပို့ချမယ့်နေရာ ၄ နေရာထပ်တိုး မှာဖြစ်ပါတယ် ” - ဟု စိုင်းဆိုင်မိန်းကပြောသည် ။


ခမ်းကူစင်တာမှ သင်တန်းသားများလက်ခံရာတွင်လည်း လူမျိုးဘာသာ မရွေးဟုလည်း ဆိုပါသည် ။ ပို့ချပေးမည့် ဘာသာရပ် မှာ ၁၀ ခုထက်မနည်းရှိပြီး အရည်အချင်းမြှင့်တင်လိုသူ အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြားလူငယ်များ ရပ်ကွက် ၁၂ လားရှိုးရှိ ခမ်းကူစင်တာ ၁ နှင့် ၂ သို့ ဂျွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်းလည်းဖော်ပြထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates