တရုတ်ပို့ဖို့ သစ်တင်ကားတွေအတွက် ၂၄ နာရီ ဖွင့်ပေးပေမယ့် ရွာသားတွေအတွက်တော့ လူတယောက်စာဘဲဖွင့်ပေးနေတဲ့ ဂိတ်စောင့်တာဝန်ရှိအဖွဲ့တွေကို စီရင်ဖြေရှင်းပေးပါရန်



သို့- သျှမ်းသံတော်ဆင့် မှတဆင့် သက်ဆိုင်ရာ ရပ်ရွာအကြီးအကဲများသိစေရန်တင်ပြအပ်ပါသည် ။


တရုတ်နဲ့နယ်စပ်ချင်းကပ်လျက် ကျနော်တို့ နမ့်ခမ်းမြို့ဟာ နယ်စပ်တလျှောက်တည်ရှိနေတဲ့ကျေးရွာတွေဟာ အစဉ်အလာအရ တဖက်ခြမ်းကရွာတွေနဲ့ ဝင်ထွက်သွားလာ ဆက်သွယ်ရောင်းဝယ်ရမြဲဖြစ်ပါတယ် ။ ကုန်ကြီး ကားကြီးတွေနဲ့မဟုတ်ပေမယ့် ကိုယ့်ဘက်ကထွက်တဲ့ ခြံထွက်သီးနှံတွေကို တောင်းနဲ့ပလိုင်းနဲ့သယ်ပြီး သူ့ဘက် ကထုတ်ကုန်နဲ့လဲလှယ်ကြစမြဲဖြစ်ပါတယ် ။


ကချင်ပြည်နယ် မံစီမြို့ကျောင်းခန်ကျေးရွာတွင်အခြေချထားသော တပ်မတော်တပ်မ ၂၁ တပ်ရင်း ၄၃၈ လက်အောက်ခံတပ်ဖွဲ့ဝင်အချို့ ကျနော်တို့ နမ့်ခမ်းမြို့ မန့်ဆွမ်းကျေးရွာကိုလာရောက် အခြေချပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော်တို့ရွာသားများအတွက် သွားလာဖို့ လုံးဝ အခက်အခဲဖြစ်သွားပါပြီ ။


ယခင်ကကျနော်တို့ သွားလာရာ ရွာအဝင်အထွက်လမ်းတွေကို   အချိန်သတ်မှတ်ပြီး သွားလာခွင့် ပေးလိုက် တာကြောင့် ရွာသားတွေအတွက် အတားအဆီးကြီးတခုဖြစ်သွားတာပေါ့နော် ။


ဒါပေမယ့် တရုတ်ဘက်ကို သယ်ထုတ်ဖို့  ကျွန်းသစ်တင်ကားတွေကိုတော့ အချိန်မရွေးတံခါးကြီးဖွင့်ပေးခဲ့တာ ကိုတော့ တရွာလုံးက မျက်ဝါးထင်ထင်တွေ့မြင် သိရှိရပါတယ် ။


အပတ်စဉ် မြို့ဈေးတက် ခြံထွက်သီးနှံသွားရောင်းတဲ့ ကျနော်တို့ရွာက အေနန်းကတော့ - “ ကျမတို့က မြို့တက်ပြီးဈေးသွားရောင်းဝယ်တဲ့ချိန်ကစောစောသွားရတယ်လေ ။ ဒါပေမယ့် သူတို့က ဖွင့်မပေး ဘူး ။ အချိန်ယူပြီး ညှိရတယ် ။ ဖွင့်ပေးရင်လည်း လူတယောက်သာ သွားလို့ရတဲ့ အပေါက်လောက် ပဲဖွင့်ပေး တယ် ။ ကျမတို့တင်လာတဲ့ခြံထွက်သီးနှံတွေဈေးရောင်းဖို့ ပစ္စည်းတွေကို တခါချရတယ် ။ ပြီးမှဆိုင်ကယ် ကို တံခါးအပေါက်သို့တွန်းထွက်ပြီး ပစ္စည်း တွေတခါ ပြန်တင်ရတယ် ။ ဒါပေမယ့် ကျွန်းသစ် တင်တဲ့ ကားတွေ တော့ အချိန်မရွေး တံခါးကြီး ဖွင့်ပေးတယ် ။ အဲတာလုပ်တာ တကယ့်ကိုပြည်သူတွေနှိပ်စက်နေပြီး လူ့အခွင့်အရေးချိုးဖောက်နေတာဘဲဖြစ်ပါတယ် ” လို့ သူ့ရဲ့အခက်အခဲကို ပြောပြပါတယ် ။


ဗမာစစ်သားတို့ စစရောက်လာတဲ့ချိန်လွန်ခဲ့တဲ့ ၁ လ လောက်ကတော့ ထော်လာဂျီ တစီးစာဆန့်တဲ့ အပေါက် ဖွင့်ပေးတယ်ပေါ့ ။ ခုတော့ဆိုင်ကယ်တစီးလောက်ဘဲ ဝင်ထွက်နိုင်တော့တယ် ။ သူတို့သတ်မှတ်ထားတဲ့ အချိန် ကြားမှာဘဲ ဝင်ထွက်လို့ရတယ် ။ နံနက် ၆ နာရီ ကနေ ညနေ ၆ နာရီအထိပေါ့ ။ ဒါမယ့် ကျွန်းသစ်တင် တဲ့ ကားတွေတော့ ၂၄ နာရီဖွင့်ပေးတယ်လေ ။ အဲတာတွေက တရုတ်သစ်ကုန်သည်များထံ လာဘ်စားထားမှန်း သိသာတာဘဲ  ။


 ဒီရက်ပိုင်းအတွင်းမှာပိုပြီး တင်းကျပ်လာတယ် ။ ကျနော်တို့ရွာမှာ လမ်းတွေကိုကျောက်ခင်းမလို့ ဟိုဘက်က ဆောက်လုပ်ရေးကိရိယာတွေ ကျောက်တင်ကားတွေဝင်နိုင်ဖို့  ရပ်ရွာအကြီးအကဲနဲ့ ကိုယ်စားလှယ်တွေ ဗမာ စစ်သားတွေကို သွားညှိတာ ။  သူတို့ဘာပြန်ပြောတယ်မှတ်လဲ … အပေးအယူ လုပ်ရမှာပေါ့.. တဲ့ ။


နင်တို့ ကျောက်တင်ကားကျတော့ လွတ်လွတ်လပ်လပ် ဝင်ထွက်ချင်တယ် ။  အဲလိုဆိုရင် ကျွန်းသစ်တင်ကားတွေကိုလည်းလွတ်လွတ်လပ်လပ်  သွားလာခွင့်ပေးလိုက်ပေါ့ - တဲ့ ။


 ဒါပေမယ့်ရွာကော်မတီတွေကဘာမှပြန်မပြောခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်းသစ်တင်ကားတွေတော့ တရက်အစီး ၂၀ ကျော် ကျနော်တို့ရွာကိုဖြတ်ပြီး တရုတ်ဘက်ကိုအဲ့ဒီဂိတ်ပေါက်ကနေ ဝင်ထွက်နေတာ တွေ့နေရတယ် ။  နေ့နေ့ညည ပါဘဲ ။


ဒီဂိတ်စောင့်စစ်သားတွေကနေ  သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ် မန့်ဆွမ်းကျေးရွာဝင်ရွာထွက်လမ်းပိတ် ပြီး ဒေသခံတွေကို သွားလာခွင့်တင်းကြပ်  ပိတ်ပင်တားဆီးနေမှုကို မေလ ၁၀ ရက်က  ရပ်ရွာလူထုများက တပ်မမှူး ၊ တပ်မ ၃၃ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ၊ နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ် အထောက်အကူပြု နမ့်ခမ်းတို့ထံ တင်ပြတိုင်ကြားခဲ့ပေမယ့် အကြောင်းထူးခြားလာခြင်းမရှိဘဲ ကနေ့ထိ ရွာသားတွေသွားလာရခက်ခဲနေတုန်းဘဲဖြစ်ပါတယ် ။

မှ- အခက်အခဲကြုံတွေ့နေရသော ဒေသခံများ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates