လူထု နှလုံးသားကြားက ဘုရင်တပါး
ကမ္ဘာပေါ်မှာ ဘုရင်မင်းမြတ် ရှိနေသေးတဲ့ နိုင်ငံပေါင်း ၃၀ လောက် ရှိပါတယ် ။ အဲဒီအထဲမှာ ထိုင်းနိုင်ငံ ရဲ့ ၉ ပါးမြောက် ချက္ကရီမင်းဆက်ဖြစ်တဲ့ ဘုရင် မင်းမြတ် ဘူမိဘွန်း အဒွန်းယဒေ့ခ်ျက နန်းသက်အကြာဆုံးပါ။ အရှင်မင်းမြတ် က ဒီနှစ် ဂျွန် ၉ ရက်၂၀၁၆ ယနေ့ဆိုရင် နန်းတက် နှစ် ရ၀ တိတိ ရှိပါပြီ ။
ထိုင်းလူထု သန်းပေါင်း ရ၀ နီးပါး၊ လူအများစုအပြင် ၊ ပညာတတ် အသိုင်း အဝိုင်း ၊ ကိုယ်ကျိုး စွန့်သူ အ သိုင်း အဝိုင်း ၊ ဆင်းရဲသားအသိုင်းအဝိုင်း လူထု လူတန်းစား အလွှာအသီးသီးက ချစ်မြတ်နိုး ကြပါတယ် ။
ထိုင်းလူထုက ဘုရင်မင်းမြတ်ကို ဘာလို့ ချစ်မြတ်နိုးကြပါသလဲ ။ နန်းတက် သက်တမ်း ရ၀ မှာ အရှင် မင်းမြတ် ဘာတွေလုပ်ပေးခဲ့ပါသလဲ ။
ထူးခြားချက်တွေ အများကြီးထဲက တခု နှစ်ခု ကောက်ပြရမယ်ဆိုရင် - စာရေးသူ ချင်းမိုင်ကို စရောက်တဲ့ နှစ်က မိုးခေါင်ပါတယ် ။ မိုးက မရွာ ၊ နေကပူ ဆိုတော့ မိုးကို လူထုတရပ်လုံးက မျှော်နေတဲ့ အချိန်ပေါ့ ။ အဲဒီအချိန်မှာ လေယာဉ်အဖြူလေးရောက်လာတော့ ကျေးလက်ခြံလုပ်သားတွေ ပေါက်တူး ပေါက်ပြားတွေ ချပြီး လက်အုပ်ချီ ၊ ဘုရင်ကြီး သက်တော်ရာကျော် ရှည်ဖို့ ဆုတောင်းပေးကြ ပါတယ် ။
စာရေးသူက နားမလည်၊ ဟိုမေးဒီမေးရင်း စကားကောက်မိတာက ဘုရင်မင်းမြတ်ကနေ တောင် သူလယ် သမားတွေအတွက် လူထုအတွက် မိုးရွာအောင် မိုးလာလုပ်ပေးတယ် ဆိုတာပါဘဲ ။
တီထွင်ကြံဆနည်းလမ်းရ ဆိုသလို အမျှော်အမြင်ကြီး တဲ့ ဘုရင်မင်းမြတ်က ကောင်းကင်ယံပေါ် က အပူချိန်အနေအထား အပူအအေးအနေထားကို ချိန်ဆပြီး ဓါတုဓါတ် ကျဲချပြီး မိုးရွာစေပါတယ် ။
မိုးအတု (ဖွန်ထိမ်း) လို့ ခေါ်ပါတယ် ။
မိုးရွာစေတဲ့ နည်းလမ်း သုံးမျိုးရှိတယ်လို့လည်းဆိုပါတယ် ။ အဲဒါကတော့ ကောင်းကင်ယံပေါ် အပူချိန်နည်း နေရင် ကယ်လစီယံဓါတုဆေးမှုန့် Calcium carbide; CaC2 ၊ Calcium Chloride; CaCl2 ၊ Calcium Oxide; CaO အသုံးပြုပြီး အပူချိန်မြှင့်ပြီး မိုးရွာစေတဲ့နည်း ၊ မြင့်နေတဲ့အပူချိန်ကို Urea; CO(NH2) ၊ 2Ammoniumnitrate; NH4N03 ၊ Dry ice; CO2 (S) စတဲ့ ဓါတုဓါတ်တွေကို အသုံးပြုပြီး အပူချိန်ကျဆင်းလာစေကာ မိုးအဖြစ်ပြောင်းတဲ့နည်း ၊ နောက် တနည်း ကတော့ Sodium chloride; NaCl ဆားဓါတ်ကို အသုံးပြုပြီး မိုးရွာစေတဲ့နည်းလို့ ဆိုပါတယ် ။ (မှတ်ချက် - စာရေးသူက အဆိုပါ အကြောင်း သီးခြား သုတေသန မပြုရသည့်အတွက် ဆက်လက်လေ့လာပါရန်)
ဒီ့အတွက် ထိုင်းဘုရင်မင်းမြတ်ကို ထိုင်းလူထုက ပိုမို ချစ်မြတ်နိုးလာစေပါတယ် ။
ထိုင်းဘုရင့်အကြောင်း ဆက်လက်ပြောပြရမယ်ဆိုရင် - ဘန်ကောက်မြို့တော် စီမံကိန်း နယ်မြေမပါဘဲ ထိုင်းနိုင်ငံ မှာ ခရိုင်ပေါင်း ရ၅ ခု ၊ မြို့နယ်ပေါင်း ၈၇၇ မြို့ ကျေးလက်ရွာ ရ၂၅၅ ရွာ (၂၀၁၁ ခု စစ်တမ်းအရ) ရှိတယ်လို့ဆို ပါတယ် ။
ထိုင်းဘုရင်မြင်းမြတ်ဟာ လူထုကောင်းစားရေး ၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးအတွက် အဲဒီခရိုင် ၊ မြို့ ၊ ရွာတွေ အားလုံး ခြေတော် မဆန့်ဖူးတဲ့ ရွာမရှိဘူးလို့ ထိုင်းတော်ဝင်သမိုင်းမှာရေးသားထားပါတယ် ။ ရောက်တော်မူတဲ့မြို့နယ် ၊ ကျေးရွာ တိုင်းအတွက် ဖေါင်ဒေးရှင်းတွေ ၊ စီပွားရေးစီမံကိန်းတွေ ၊ ဈေးကွက်တွေ စနစ်တကျ ချပေးတော်မူ ပါတယ် ။ ထိုင်းလူထုအကြား သာမက ကမ္ဘာ့အသိုင်းဝိုင်းမှာပါ - ထိုင်းဘုရင့်ရဲ့ “ တင်းတိမ်ရောင့်ရဲမှု စီးပွားစနစ် ” (စေတကစ်ဖေါဖိန်း) ဆိုတဲ့အဆုံးအမဟာ အထူး နာမည်ကြီးလှပါတယ် ။
လူထု ကျန်းမာရေးအတွက် သဘာဝ စိုက်ပျိုး ရေးစနစ် ၊ ဈေးကွက် စတာတွေလဲ ဘုရင်မင်းမြတ်က သွန်သင်လမ်းပြထားပါတယ် ။ ထိုင်းဘုရင်လျှောက်ပြတဲ့လမ်းဟာ ထိုင်းလူထု လိုကလျောဖို့ ကမ္ဘာ့လူသားအားလုံး အတွက် စံ ထားသင့်ပါတယ် ။
ဘုရင်မင်းမြတ်ရဲ့ ဆုံးမ ဩဝါဒ ၃၆ ပါး ဟာ အထူးထင်ရှားလှပါတယ် - ထမင်းလုံးတိုင်းရေစက်တိုင်း စားစရာ ဟူသမျှကို ရင်ထဲက ကျေးဇူးတင်ပါ ။ မိမိကိုယ်ကိုကောင်းစေချင်ရင် သူများကိုကောင်းအောင် အရင်ကူညီ ပေးပါ ။ သူတပါး၏ ရင်ဖွင့်စကား ၊ တိုင်ပင်မှု လျှို့ဝှက်စကား တို့အား မိမိအနေဖြင့် ထိမ်းသိမ်းပါ ။ ခွင့်လွှတ် စိတ်ရှိပါ ။ နားထောင်သည့် အလုပ်ကိုဦးစားပေးပါ ။ အမှားရှိလျှင် ဝန်ခံနိုင်ရမည် ။ ပြုတ်ကျပါက လဲကျ ပါက ပြန်ထူပြန်ထရန် မကြောက်ပါနှင့်။ ရေခွက်ထဲမှ တစ်ဝက်သာရှိသောရေ ဖြစ်ပါစေ ။ ကြယ်နှင့် လဟာ အရမ်းကိုမြင့်လွန်းတယ် မှီနိုင်သလောက်ဘဲလှမ်းပါ ။ လူ့တသက်တာမှာ အလုပ်အများကြီးတွေထဲက အရေးအကြီးဆုံးကို အရင်လုပ်ပါ ။ စာအုပ်တွေဟာ ကမ္ဘာပေါ်မှာတန်ဖိုး အရှိ ဆုံးနှင့် ဗဟုသုတ အရဆုံးပညာရှိ တစ်ဆူဖြစ်တယ် ။ တစ်လလျှင် တစ်အုပ်ဖတ်နိုင်အောင်လုပ်ပါ ။ အရာရာ သက်မှတ်ချက် ရှိပါစေ ။ ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီးဤနေရာမှာ ထားပါ ၊ စည်းကမ်းသည်လူ၏တန်ဖိုး - စတဲ့ အရှင်မင်းမြတ်ရဲ့ လူမှုနီတိ တွေဟာ လူတိုင်းအတွက် အသုံးသင့်လှပါတယ် ။
ထိုင်းဘုရင်မင်းမြတ် ဟာ လက်ရှိမှာ သက်ကြီးရောဂါနဲ့ ကျန်းမာရေးမကောင်းလှပါဘူး ။ ဆေးရုံမှာ သီးသန့် ကုသတော်မူ နေရပါတယ် ။ လာမည့် ဒီဇင်ဘာ ၅ ရက်နေ့ ဆိုရင် ထိုင်းဘုရင်ရဲ့ သက်တော်က ၈၈ နှစ် ရှိတော့မှာဖြစ် ပါတယ် ။
ထိုင်းဘုရင် သက်တော်ရာကျော် ရှည်ပါစေ ။
ခွန်ဆန်မူး (ဆောင်းပါး)
Tags: Feature

