အပစ်ခတ်ရပ်စဲရေးတွင် အားလုံးပါဝင်ရေးမူကို လက်ကိုင်ထား၍ KNPP ကရင်နီဆွေးနွေးမည်
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ရာတွင် အားလုံးပါဝင်နိုင်ရေး ၊ ငြိမ်းချမ်းရေး၌ အားလုံးပါဝင်နိုင်ရေးမူကို အခြေခံ၍ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ KNPP အနေဖြင့် အစိုးရနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNPP တာဝန်ရှိသူက ပြောသည် ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အနေဖြင့် အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေး နိုင်ရန် အတွက် KNPP ဌာနချုပ်တွင် ထိပ်သီးခေါင်းဆောင်များတက်ရောက်သည့် အစည်းဝေးတရပ်ကို ကျင်းပခဲ့ပြီး အဆိုပါ အစည်း အဝေးမှ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်ပေါက်လာရေးမူကို ဆက်လက်ကိုင်စွဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း KNPP အတွင်းရေးမှူး ( ၂) ဦးရွှေမျိုးသန့်က ဂျွန်လ ၉ ရက်နေ့က ပြောသည် ။
‘ မူက မပြောင်းဘူး ။ တိုင်းရင်းသားတပ်ပေါင်းစုဖြစ်တဲ့ UNFC နဲ့ ဆက်လက်ပူးပေါင်းသွားမယ် ။ NCA နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ် စဲရေး ကိုအားလုံးပါဝင်မှ လက်မှတ်ရေးထိုးမယ်လို့ ဆုံးဖြတ်ထားတယ် ။ ‘ ဟု ဦးရွှေမျိုးသန့်က ပြောသည် ။
ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဌာနချုပ်တွင်ကျင်းပခဲ့သည့် အစည်းဝေးမှဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် များကိုလည်း ရွေးချယ်ခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ခူးဦးရယ် ( ဒုတိယ ဥက္ကဌ ) နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး တို့မှ တာဝန်ယူကြ မည်ဖြစ်သည် ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပနိုင်ရေး အတွက် အပူတပြင်းဆောင်ရွက် နေရာ အစိုးရ၏ငြိမ်းချမ်းရေး ကော်မတီ အနေဖြင့် နိုင်ငံလုံးဆိုင်ရာအပစ်ခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရခြင်း မရှိသေးသည့်အဖွဲ့များ အားလုံးနှင့်တွေ့ဆုံဆွေးနွေးရန် ရှိနေပေသည် ။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမှု တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးခဲ့ရပြီး ကျန်အဖွဲ့များလက်မှတ်ရေးထိုးမှုမရှိခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်မရ၍ ဖြစ်ကြောင်း သိရသည် ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုးကန့်၊ အေအေ ရခိုင်တပ်မတော် ၊ တအာင်းပလောင် တပ်ဖွဲ့ TNLA/PSLF တို့မှာလက်နက်စွန့်ရန် သေချာမှသာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ပြောဆိုထားသည် ။
Tags: News, politic
