ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် လူငယ်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ခွင့်ရဖို့လို- ၈၈ မျိုးဆက်ခေါင်းဆောင်ပြော



ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် နိုင်ငံရေးပြဿနာအဖြေရှာမည့်ညီလာခံတို့တွင် ပြည်သူများ၏ အခန်းကဏ္ဍမှာ အရေးကြီးသောကြောင့်လူငယ်များနှင့် အရပ်ဘက်အဖွဲ့စည်းများ ပါဝင်ခွင့်ရရန် လိုအပ် လှကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည် ။


မုံရွာမြို့တွင် ဂျွန်လ ၁၁ ရက်နေ့က ကျင်းပသည့် နိုင်ငံတဝှမ်းမှလူငယ်ကိုယ်စားလှယ်များ တက်ရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်အဖွင့်မိန့်ခွန်းပြောဆိုရာတွင် ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည် ။


ပြည်တွင်းစစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာရပ်များ ၊တိုင်းရင်းသားအရေးတို့ကို ဖြေရှင်းရာတွင် သမားရိုးကျဖြေရှင်းနည်းထက် ကျော်လွန်စဉ်းစားရန်လိုအပ်လှကြောင်းလည်း ဦးကိုကိုကြီးက ပြောသည် ။


‘ ပြဿနာက အသစ်မဟုတ်ဘူး ၊ အဟောင်း ၊ ကျနော်တို့အသက်ထက်ကြီးတယ်။ပြဿနာအဟောင်းကို စဉ်းစားပုံအဟောင်း ဖြေရှင်း ပုံ အဟောင်းတွေနဲ့ အခုထိ မအောင်မြင်ဘူး ။အဲဒီတော့ လူငယ်တွေ အနေနဲ့ စဉ်းစားပုံ အသစ်တွေ ၊ ဖြေရှင်းပုံ အသစ်တွေရှာဖွေဖို့ လိုတယ် ။  လက်နက်ကိုင် နှစ်ဖက်ထဲ ဖြေရှင်းရုံနဲ့ မလုံလောက်ဘူး ။ ပြည်သူတွေရဲ့ အခန်းကဏ်ဏ္ဍ အရေးကြီးတယ် ။ လူငယ်တွေ ၊ အရပ်ဖက် အဖွဲ့ အစည်းတွေရဲ့ အသံတွေပါဝင်ဖို့လိုတယ် ။’ ဟု ဦးကိုကိုကြီးက ပြောသည် ။


နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၁ရာစုပင်လုံညီလာခံ တွင် အရပ်ဘက်အဖွဲ့စည်းများနှင့် လွှတ်တော် တရပ်ရပ်တွင်အနည်းဆုံး နေရာ၁ နေရာ အနိုင်ရရှိမှု မရှိသော ပါတီများမှာ တိုက်ရိုက် ပါဝင်ခွင့်ရမည် မဟုတ်ပဲ အရပ်ဘက်လူမှုအဖွဲ့ အစည်းဖိုရမ်မှတဆင့် ညီလာခံသို့ အကြံပြုချက်နှင့်ဆွေးနွေးချက်များကို ပေးပို့နိုင်ကြောင်းသတ်မှတ်ပြောဆို ထားသည် ။


သမ္မတ ဦးသိန်းစိန်လက်ထက်က ကျင်းပခဲ့သည့် ညီလာခံတွင်ပင်အရပ်ဘက်အဖွဲ့ အစည်း များမှာ တက်ရောက်ဆွေးနွေးခွင့်ရရှိခဲ့ပြီး ယခု ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ သတ်မှတ်ချက်ကြောင့် ပြည်တွင်းနိုင်ငံရေးတွင်သြဇာရှိ သည့် ၈၈ မျိုးဆက် ကဲ့သို့ အရပ်ဘက် အဖွဲ့ အစည်း များမှာ ၂၁ ရာစုပင်လုံညီလာခံတွင် တက်ရောက်ခွင့်ရရှိမည်မဟုတ်ပဲတိုင်းရင်းသား ဒေသများမှ လူ့အခွင့်ရေး လှုပ်ရှားသူများ ၊ အရပ် ဘက်အဖွဲ့အစည်းများမှာ အရပ်ဘက်အဖွဲ့အစည်းဖိုရမ်ကိုသာ တက်ရောက်ခွင့်ရတော့မည်ဖြစ်သည် ။


အရပ်ဖက်က တိုက်ရိုက်ပါဝင်ခွင့်ပေးဖို့လိုပါတယ် ကျနော်တို့မွန်ပြည်နယ်မှာလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်း ရေးဖိုရမ်ကို မကြာသေးခင်က ကျင်းပခဲ့တာရှိတယ် အဲဒီဖိုရမ်မှာလည်း လာမည့်ငြိမ်းချမ်းရေး ညီလာခံတွေမှာ အရပ်ဘက်က ပါဝင် ခွင့်ရဖို့တောင်းဆို ထားတာရှိတယ် ။ ဟု မွန်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့စည်းတစ်ခုမှ တာဝန်ရှိသူ မင်းမင်းနွယ်က မှတ်ချက်ပြု ပြောဆိုသည် ။


နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အောင်မြင်သည့် အသွင်ကူးပြောင်းရေး ဆွေးနွေးမှုများတွင်လည်း အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ အခန်းကဏ္ဍမှာ ကြီးမားစွာပါဝင်ခဲ့ကြောင်း လေ့လာသူများက ဆိုသည် ။


" လူငယ်တွေ မှား မှာ စိုးလို့ဆိုပြီး မခိုင်းတာ တာဝန်မပေးတာဟာ လူငယ်တွေရဲ့ အရည်အချင်းကို အဟန့်အတားဖြစ်စေတယ် ။ လုပ်ရင်း သင်သွားရမှာပဲ မှားရင်ပြင်ရမှာပဲလူကြီးတွေမှားရင် ပြင်ဖို့အချိန်သိပ်မကျန်တော့ဘူး ၊ လူငယ်တွေ မှားရင် ပြင်ဖို့ အချိန်တွေ အများကြီး ကျန်သေးတယ်။လူ့သမိုင်းရဲ့တိုးတတ်မူဆိုတာ အမှားတွေကို ပြုပြင်လာတဲ့ဖြစ်စဉ်ပဲ ။"  ဦးကိုကိုကြီးက ဆိုသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates