သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြန်လည်ထမ်းရွက်
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ၌ ကျင်းပသော သျှမ်းထိပ်သီးခေါင်းဆောင်များ အားလုံးနီးပါး ပါဝင်သည့် ၂၀၁၆ - ၁၇ နှစ်ပတ်လည်အစည်းအဝေးမှတဆင့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ၏ ဥက္ကဌ ရာထူးအား ခွန်ထွန်းဦးမှ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ထံ ပြန်လည်လွှဲ အပ် လိုက်သည်။
၂၀၁၇ ခု မေလ ၄ ရက်မှ ၅ ရက်နေ့ အထိ ၂ ရက်ကြာကျင်းပသည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်းအဝေး နောက်ဆုံးရက်နေ့၌ လွှဲအပ်ခြင်းဖြစ်သည်။
CSSU ၏ ဥက္ကဌ ရာထူးအား ပြန်လည်ဆက်ခံသည့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က “ …. ညီညွတ်ရေးအတွက်ကျနော်တို့မျှော်လင့်လာခဲ့တယ်။ လိုချင်တောင့်တလာခဲ့တယ်။ ဒါကြောင့်ကျနော်တို့ စည်းလုံးညီညွတ်ရေးပိုမိုခိုင်မြဲဖို့ တာဝန်ထမ်းဆောင်ရမယ်။ ကျနော်တို့အားလုံးမှာတာဝန်ရှိတယ်။ နားမလည်သေးတဲ့သူတွေ နားလည်လာအောင် မသိသေးတဲ့သူတွေ သိလာအောင် ပြသနာဖြစ်လာရင်ကျနော်တို့ စုပေါင်းဖြေရှင်းရပါမယ်။ ကျနော်တို့အမျိုးသားရေးမှာ CSSU က အားလုံးကို ခြုံလွှမ်းနိုင်တဲ့ ထီးတလက်ဖြစ်အောင် ကြိုးစားသွားရမယ်။ …” ဟု တာဝန်လက်ခံထမ်းဆောင်ခြင်း မိန့်ခွန်းတွင်ပြောဆိုသည်။
RCSS/SSA ဥက္ကဌ မှ CSSU ဥက္ကဌ တာဝန်ပြန်လည်လက်ခံထမ်းဆောင်သည့်အပေါ် သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ၂ လည်းဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် စိုင်းလိတ် က- “ဒီ CSSU က ဗိုလ်ချုပ်ကြီး ယွက်စစ် အိုင်ဒီယာ နဲ့ ဖွဲ့စည်း ထောင်လာတာဖြစ်တယ်။ ဒီတော့ အလုပ် တာဝန်တွေကို သူက ဒီ့ထက်တောင် ပိုမိုထမ်းရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်” - ဟု ပြောသည်။
ပထမ တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းမှ CSSU ဥက္ကဌရာထူး လက်ခံ တာဝန်ထမ်းရွက်ရန် အဆင်သင့်ဖြစ်နေသည်ဟု ဆိုသော်လည်း ကော်မတီ ဖွဲ့စည်းပုံအရ အင်္ဂလိပ် ဗျည်းအက္ခရာစဉ်အတိုင်း SSJAC ဥက္ကဌ ခွန်ထွန်းဦး မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ထံ ပြန်လည်လွှဲ အပ်ရခြင်းဖြစ်သည်ဟု စိုင်းအိုက်ပေါင်း မှ သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။
“အမှန်တော့ ဒီလိုပါ အရင်ကတည်း CSSU ဆုံးဖြတ်ထားဒါရှိတယ်။ ဒီ ဥက္ကဌ ရာထူးကို အင်္ဂလိပ်ဗျည်း စဉ်အတိုင်း သွားမယ်ဆိုတာ။ …. မနှစ်က ကျားဖြူထမ်းရွက်ဖို့ တာဝန်ပေးကြတယ်။ အဲဒီတုန်းက ကျားဖြူ ပါတီ ဥက္ကဌ ၅ နှစ်သက်တမ်းကလဲ ကုန်ဆုံးတယ်။ CSSU အစည်းအဝေး ကျင်းပချိန် ကျားဖြူ ဥက္ကဌ ရာထူး ပြန်မရွေးကောက်ရသေးဘူး။ အဲဒါကြောင့် ကျားဖြူပါတီအနေနဲ့ CSSU ခေါင်းဆောင် နေရာ ပခုံးပြောင်းတာဝန်ထမ်းရွက်ဖို့ အဆင်သင့်မဖြစ်ဘူး။ အခုတော့ အဆင်သင့်ဖြစ်ပြီ။ နောက်နှစ် ဒီအချိန် မှာ ကျားဖြူ အတွက် တာဝန်ပြန်ကျလာမယ်။ ”
သျှမ်းအမျိုးသားညီညွှတ်ရေး၊ သျှမ်းပြည်တိုင်းရင်းသားများညီညွှတ်ရေးအတွက် အဓိကထား ဦးစားပေး လုပ်ဆောင်သွားမည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU သည်၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းသည်။ အလှည့်ကျ ဥက္ကဌ ရာထူးကိုမူ ၂၀၁၅ မှ စတင်၍ အင်္ဂလိပ်ဗျဉ်းအက္ခရာစဉ်အတိုင်း RCSS, SNDP, SSJAC အစဉ်အလိုက် တာဝန်ယူသွားရန်ချမှတ်ထားသည်။ ၂၀၁၅ - ၁၆ တွင် ဗိုလ်ချုပ်ကြီးယွက်စစ်တာဝန်ယူပြီး ၂၀၁၆ - ၁၇ တွင်ဥက္ကဌတာဝန်ယူရန် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း အလှည့်ကျသော်လည်းထိုစဉ်က အဆင်သင့်မဖြစ်သည့် အတွက် SSJAC ခေါင်းဆောင် စဝ်ခွန်ထွန်းဦးက တာဝန်ထမ်းရွက်ခဲ့ရသည်။
Tags: News, politic
