နမ့်ခမ်းမြို့နယ်အတွင်း TNLA နှင့် အစိုးရတပ်တို့တိုက်ပွဲပြင်းထန် အရပ်သား ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အစိုးရ တပ်မတော်တို့အကြား နမ့်ခမ်းဒေသတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကာ ရွာအတွင်းလက်နက်ကြီးကျည်ဆံကျရောက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသည်ဟု သိရသည်။
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ နှင့် နမ့်ခမ်းနယ်ကြား လမ်းတစ်လျှောက် - နမ့်ဆီးရီး ၊ နမ့်ဟွမ် ၊ ကောင်းခေ စသည့် တအာင်းပလောင်ရွာများအနီးတွင် မေလ ၂ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ကာ အစိုးရဘက်မှ ရဟတ်ယာဉ် များ ဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်။
![]() |
| ဒဏ်ရာရရှိသည့်နမ့်ခမ်းမြို့ခံတချို့ |
![]() |
| စစ်ဘေးရှောင်နမ့်ခမ်းမြို့ခံများ |
![]() |
| လက်နက်ကြီးကျည်ထိမှန်သဖြင့် သေဆုံးသွားသည့်အဖွား နိုင်းအမ် |
''ရဟတ်ယာဉ်တွေက နမ့်ခမ်းကနေကို မြင်နေရတာ။ လက်နက်ကြီးပစ်သံတွေလည်း မြို့ပေါ်ကနေကို ကြားနေရတယ်။ ဒေါ်နန်းအမ် အလောင်းလဲ နမ့်ခမ်းဆေးရုံမှာဘဲ။ ဒဏ်ရာရတဲ့သူလဲ နမ့်ခမ်းဆေးရုံမှာဘဲ'' ဟု နမ့်ခမ်းဒေသခံ စိုင်းအေး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများတွင် လွန်ခဲ့သည့် လမှ စတင်ကာ အစိုးရ တပ်ဘက်မှ နေရာဝင်ရောက် ချထားမှုများလည်း ရှိခဲ့သည်ဟု ဒေသခံအချို့က ဆိုကြသည်။ မေလ ၂ ရက်နေ့ က နမ့်ဟွမ်ရွာထဲသို့ လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ရ၅ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု တအာင်းလူငယ်အဖွဲ့အစည်းတာဝန်ရှိသူနှင့် ဒေသခံအချို့က သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။
' အမြောက်သံကြားရတော့ နမ့်ခမ်းမြို့တွင်းမှာလည်း လူအသွားအလာကျဲကုန်တယ်။ မြို့ထဲမှာတော့ ဘာမှ ဖြစ်တာတော့မရှိသေးဘူး ' ဟု နမ့်ခမ်းမြို့ခံ စိုင်းအွမ်ကလည်း မေလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပြောသည်။
ယခုရက်ပိုင်းအတွင်း တအာင်းတပ်မတော်နှင့် အစိုးရ စစ်တပ်အကြား နမ့်ခမ်း ၊ ကွတ်ခိုင် နှင့် နမ္မတူမြို့နယ် တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ ရက်ဆက်တိုက်ခန့်ရှိနေပြီဟု သိရသည်။
တအာင်း(ပလောင်) တပ်ဖွဲ့ TNLA မှာ ၂၁ ပင်လုံတွင် အခြားတိုင်းရင်းသားလက်နက်ကိုင်များနည်းတူ တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အစိုးရတပ်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့လည်းဖြစ်သည်။
Tags: General, News


