SNLD ဥက္ကဌ ဟောင်း ကမ္ဘောဇလွယ်အိတ် ဦးစိုင်းသက်ဝင်း (နမ့်ခမ်း) ကွယ်လွန်
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်စဉ်က ပါဝင်ခဲ့ပြီး ဥက္ကဌ ရာထူး ပထမ ဦးဆုံးတာဝန်ထမ်းဆောင်သူ ကမ္ဘောဇလွယ်အိတ် စိုင်းသက်ဝင်း အသက် ၈၁ နှစ် သည် နှလုံးရောဂါ ဖြင့် ကွယ်လွန်ကာ ယနေ့ မီးသဂြိုလ်ကြောင်း သိရှိရသည်။
ဦးစိုင်းသက်ဝင်း ကမ္ဘောဇလွယ်အိတ် နှလုံးရောဂါ ဝေဒနာ ခံစားနေရသည့် အပြင် သက်ကြီးရောဂါများ ဖြစ်လေ့ဖြစ်ထရှိသည့် ဒူးနာခြင်း၊ ချောင်းဆိုး ရင်ကြပ်ခြင်း စသည့်ဝေဒနာများလည်းခံစားရကြောင်း၊ ယမန်နှစ်တွင်လည်း နှလုံးရောဂါ ခွဲစိတ်ကုသမှု ခံရယူရကြောင်း၊ အဆိုပါ ရောဂါကြောင့် ဆာကုရာ ဆေးရုံသို့ တက်ရောက်ကုသမှု ထပ်မံခံယူစဉ် မေလ ၉ ရက်နေ့ ၂၀၁၇ တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟုသိရသည်။
ကွယ်လွန်သွားသည့် ကမ္ဘောဇလွယ်အိတ် (နမ့်ခမ်း) ဦးစိုင်းသက်ဝင်းသည် သေဆုံးချိန်အထိ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် နာယက တာဝန်ထမ်းဆောင်ထားသည့်အပြင် ရန်ကုန်ရောက် သျှမ်းမိသားစုများ လည်း အားကိုးအားထားစရာ ဖြစ်သည်ဟု ရန်ကုန်သျှမ်းစာပေယဉ် ကျေးမှု ဥက္ကဌ ဟောင်း နန်းဝိုးဆိုင်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြောသည်။
“ဘိုးဘိုးဦးစိုင်းသက်ဝင်းက ရန်ကုန်ရောက် သျှမ်းမိသားစု၊ အသင်းအဖွဲ့ အားလုံးရဲ့ နာယက ဘဲ။ နမ့်ခမ်း အသင်းတို့၊ တောင်ကြီးသင်းတို့ ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအပါအဝင်ပေါ့ နာယက ဘဲလေ။ အဘိုးကလေ အစည်းအဝေးဖိတ်တိုင်းအမြဲလာတယ်။ ဒူးနာနေတာတောင်လာတယ်၊ သူက အသင်းအဖွဲ့တွေအပေါ် ဩဇာလည်းညောင်းတယ်” - ဟု ရန်ကုန်မြို့သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ ဟောင်း နန်းဝိုးဆိုင်က ပြောသည်။
ကွယ်လွန်သူ ဦးစိုင်းသက်ဝင်း အတွက် ရည်စူးကာ ကျန်ရစ်သူဇနီး နန်းအေးမြင့်နှင့် မိသားစုက ရန်ကုန်မြို့ ပြည်လမ်း အနောက်ရပ်ကွက် အိမ်အမှတ် ၃၀ စကားဝါလမ်း ဒဂုံမြို့နယ်တွင် မေလ ၁၅ ရက်နေ့ နံနက် ရ နာရီမှ ၁၁ နာရီ အထိ ရက်လည်ဆွမ်းကပ်ကာ ဗုဒ္ဓတရားတော်နာကြားမည်ဟုသိရသည်။
Tags: General, News