ဒေသတည်ငြိမ်ခြင်းမရှိသေးသည့်အတွက် လားရှိုးမြို့ရောက် စစ်ဘေးရှောင်များနေရပ်မပြန်နိုင်သေး
စိုက်ပျိုးရာသီ နေရပ်ပြန်ရမည်ဖြစ်သော်လည်း ဒေသတည်ငြိမ်အေးချမ်းခြင်းမရှိသေးသည့်အတွက် လားရှိုးမြို့ တွင်ရောက်ရှိခိုလုံနေသည့် စစ်ဘေးရှောင် ၃၀၀ ခန့်မှာ နေရပ်နိုင်ခြင်းမရှိသေးသည့်အပြင် ဆေးဝါးများ နှင့် စားဝတ်နေရေး အတွက် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးသည်ဟု သိရသည်။
အဆိုပါစစ်ဘေးရှောင်များသည် နမ့်ဆန်မြို့နယ်အတွင်း တအာင်းတပ်ဖွဲ့နှင့် အစိုးရတပ်မတော် တို့အကြား ဖြစ်ပွါးသော စစ်ရေးပဋိပက္ခများကြောင့် လားရှိုးမြို့သို့ ဂျွန်လ ၂၆ ရက်နေမှ စ၍ ရောက်ရှိလာခြင်းဖြစ်သည်။
ဓါတ်ပုံ- သာသနာ ၂၅၀၀ ကျောင်းက နမ့်ဆန်စစ်ဘေးရှောင်များ ( ဓါတ်ပုံ- လားရှိုးသား ) |
ဆန်မှာ ယခင်ကတည်းက အလှူရှင်တချို့မှလာရောက်လှူဒါန်းထားခြင်းဖြစ်ပြီး ဟင်းမှာ ဒေသတွင်းလူထုမှ ထောက်ပံ့မှုဖြင့် ဝယ်ယူချက်စားခဲ့ကြရကြောင်း၊ လက်ရှိတွင်အသုံးအဆောင်ပစ္စည်းများအတွက် တအာင်း ကျောင်းသားများအဖွဲ့ TSYU က ကြည့်ရှုစောင့်ရှောက်ပေးနေကြောင်း၊ တခြား အလှူရှင် စေတနာရှင် တချို့လည်း ရှိကြောင်း သိရသည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စုအတွင်း တအာင်း TNLA တပ် နှင့်အစိုးရ တပ် တို့ကြား ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် လားရှိုးမြို့ ခေးနင်းနောင်မောန်ကျောင်းတိုက် စစ်ဘေးရှောင် ၁၄၁ ယောက် ၊ ရပ်ကွက် ၁ ရှိ ရွှေစေတီ သာသနာ ၂၅၀၀ တွင် ၉၀ ယောက်၊ အောင်ရတနာနမ့်ဆန်ကျောင်းတွင် ရ၅ ယောက်စုစုပေါင်း စစ်ဘေးရှောင် ၃၀၀ ခန့်ရှိနေပါသည်။
“အခုစစ်ရှောင်နေတဲ့ ပြည်သူတွေက တအာင်းတွေပါ။ ပြောချင်သာကတော့ တခြားအဖွဲ့စည်းတွေ လူမျိုးမခွဲခြားပဲ ကူညီထောက်ပံ့မှုတွေလာပေးရင်တော့ကောင်းမယ်လို့မြင်ပါတယ်။ ပြီးတော့လက်ရှိမှာ သူတို့အတွက် အားပေးစကား တွေကလည်း တဖက်တလမ်းက အထောက်အကူပြုပါတယ် ” - ဟု လားရှိုးမြို့ စစ်ဘေးရှောင် ကူညီရေးပေးနေသည့် စိုင်းနေကလည်း ပြောသည်။
နမ့်ဆန်မြို့နယ်အတွင်း ပန်တောင်းကျေးရွာနှင့် မန်လန်းကျေးရွာအနီးတိုက်ပွဲဖြစ်ပွါးနေသည်မှာ တအာင်းတပ်မတော် တပ်မဟာ ၄ တပ်ရင်း ၉၁၉ နှင့် စကခ ၁ လက်အောက်ခံ ခမရ ၅၀၁ /၅၀၃ စစ်ကြောင်းတို့ဖြစ်ကြောင်း၊ တိုက်ပွဲ ကြောင့် ရပ်ရွာအတွင်း လက်နက်ကြီးကျည်ကျသဖြင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ မူစယ်ခရိုင် နှင့် လောက်ကိုင်ခရိုင် အတွင်းသေ ဒေသခံ ထောင်ဂဏန်း စစ်ဘေးစစ်ဒဏ်သင့်နေသည်။
Tags: News, War