ကိုးကန့်စစ်ဦးစီးချုပ်ဟောင်း ဖုန်ကြားဖူးကွယ်လွန် သျှမ်း - တရုတ် နယ်စပ်တွင် သဂြိုလ် - မဟာမိတ်တပ်ဖွဲ့ဝင်များ ခေါင်းဆောင်များတက်ရောက်



ကိုးကန့် တပ်ဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်း၏ညီ သျှမ်းပြည်အရှေ့ပိုင်း တရုတ်နယ်စပ်၌ ကွယ်လွန်သည့် ကိုးကန့်တပ်မတော် စစ်ဦးစီးချုပ်ဟောင်း ဖုန်ကြားဖူး ၏ ရုပ်အလောင်းအား ယနေ့ မီးသဂြိုလ်ရာမှာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်များ၊ ခေါင်းဆောင်များ တက်ရောက်ပို့ဆောင်သည်ဟုသိရသည်။


အသက် ၈၀ ရှိ ဖုန်ကြားဖူး၏ ဈာပန အခမ်းအနားသို့ NDAA မိုင်းလားခေါင်းဆောင်၊ UWSA ၀ ခေါင်းဆောင်၊ သျှမ်းပြည် တပ်မတော်(၀မ့်ဟိုင်း) SSPP/SSA ခေါင်းဆောင်၊ ရခိုင့်တပ်မတော် AA ခေါင်းဆောင်၊ တအာင်း(ပလောင်) TNLA ခေါင်းဆောင်ပိုင်းများ တက်ရောက်သည့်အပြင် ၄င်းတို့တပ်ဖွဲ့ဝင်များလဲ အင်အားဖြည့်ကာ ဖုန်ကြားဖူးအား နောက်ဆုံးဂါရဝ ပြုကြသည်ဟု ဆိုသည်။


ကျနော်မြင်တာကတော့ ၀ တပ်ဖွဲ့၊ သျှမ်းတပ်ဖွဲ့ ခေါင်းဆောင်ပိုင်းတက်တယ်။ ဗိုလ်ချုပ်ခေးတိုင်းလဲ မြင်တယ်၊ ထွန်းမြတ်နိုင်လဲမြင်တယ်။ လီကျူးလဲ့ (ဦးကြည်မြင့်) မြင်တယ်။ သျှမ်းတို့၊ ၀ တို့ စစ်သည် ရာဂဏန်းမက တက် တယ်။ ပလောင်တပ်ဖွဲ့လဲ သူတို့ ခေါင်းဆာင် ပိုင်းနဲ့ ၂၀ လောက်တက်တယ် - ဟု ဈာပန အခမ်းအနား တက်ရောက်သည့် ဧည့်သည်တဦးကပြောသည်။


MNDAA ခေါင်းဆောင်တဦးဖြစ်သည့် ဖုန်းကြားဖူးသည် ဂျွန် ၂၁ ရက်နေ့ တွင် သက်ကြီးရောဂါ အဆုတ်တီဘီရောဂါ ဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း  NDAA-ESS မှ မိုင်းလားအရှိတဦးကလည်း အတည်ပြု ပြောဆိုပါသည်။


စစ်ရေးကျွမ်းကျင်သည့် ဦးဖုန်ကြားဖူးသည် ၁၉၃၇ နှစ်တွင်မွေးဖွားပြီး ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းချိန် ၁၉၆၂ ခုနှစ်မှစ၍ ကိုးကန့်တော်ဝင်မိသားစု နှင့် ပူးပေါင်းကာ တော်လှန်ရေးခရီးစတင်ခဲ့သူဖြစ်သည်။ သျှမ်းပြည်နယ် အတွင်း ကွန်မြူနစ်ပါတီ အင်အာကြီးထွားလာချိန်တွင် တပ်ရင်းမှူးအဆင့်၊ တပ်မဟာမှူးအဆင့် ရာထူးများ ထမ်းရွက်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ကိုးကန့်တပ်ဖွဲ့ဝင်များခွဲထွက်ချိန်မှ စ၍ ကိုးကန့်တပ်ဖွဲ့တွင် စစ်ရေးအကြီးအကဲ၊ စစ်ဦးစီးချုပ် စသည့်တာဝန်များ ထမ်းရွက်ခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates