သျှမ်းပြည်နယ်အစိုးရလုပ်ပိုင်ခွင့်ပိုမိုရရှိရေး ကျောက်မဲကျားခေါင်းအမတ်၏အဆို လွှတ်တော်အတည်ပြု



ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ ကျောက်မဲမြို့ ပြည်နယ်လွှတ်တော်အမတ် တင်သွင်းသည့်  ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်များနှင့် ချမှတ်ထားသော မျှော်မှန်းချက်၊ မူဝါဒ၊ ရည်မှန်းချက်များကို ပိုမိုအလေးထားပြီး ထိရောက်စွာ ဆောင်ရွက်ပေးရန် အဆိုကို လွှတ်တော်၌ အတည်ပြုကြောင်း သိရသည်။


ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) စိုင်းထွန်းဉာဏ် မှ ၄င်းအဆိုကို လွှတ်တော် တတိယနေ့   သြဂတ်စ်  ၃၀ ရက်နေ့ကတင်သွင်းလိုက်ပြီး စတုတ္တနေ့မှာလွှတ်တော်က အဆိုကိုအတည်ပြု လိုက်ခြင်းဖြစ်သည်။


“ကျနော်တင်ရတဲ့ ရည်ရွယ်ချက်က အစိုးရအနေ နဲ့ အစိုးရဖြစ်တာ တစ်နှစ်ခွဲနီးလာပြီ ဒီ တစ်နှစ်ကျော်ကာလမှာဆိုလို့ရှိရင် အစိုးရရဲ့ လုပ်ငန်းဆောင်တာမှုကို လေ့လာသုံးသပ်တဲ့ချိန် အခြားသောတိုင်းပြည်နယ်နဲ့ ယှဉ်မယ်ဆိုလို့ရှိရင် လုံးဝအားမရဘူး။ အလုပ်မလုပ်သလိုဖြစ်နေ တယ်။


သူဘာကြောင့် ဒီလိုဖြစ်နေလဲ ။ အခွင့်အရေး မရယူတတ်တာလား။ သို့မဟုတ် သူဘာလုပ်ရမယ်ဆိုတာကို မေ့နေတာလား။ သူ့မှာ ဘာအခွင့်အရေး ရနိုင်တဲ့ တစ်ချက် နဲ့ သူချထားတဲ့ မျှော်မှန်းချက် မူဝါဒ ရည်မှန်းချက် များကို အားထားပြီးတော့ လုပ်ဆောင်သင့်တယ်” ဟု ကျောက်မဲမြို့နယ် လွှတ်တော်အမတ် စိုင်းထွန်းဉာဏ် ကပြောသည်။


ပြည်နယ်အစိုးရ တရားဝင်လုပ်ပိုင်ခွင့်သည် အခြေခံဥပဒေ ဇယား(၅)တွင်ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း လုပ်ပိုင်ခွင့်ရှိပြီး  ၂၀၁၄ က ပြဋ္ဌာန်းလိုက်သည့် လျှပ်စစ်ဥပဒေ သည် မဂ္ဂါဝပ် ၃၀ ကို ပြည်နယ်အတွင်း လွတ်လပ်စွာ သုံးစွဲပိုင်ခွင့်ရှိခြင်း၊ ရင်းနှီးမြှပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၅ သန်းထက် မကျော်ရသည့် ရင်းနှီးမြှပ်နှံမှုဆိုသည့်  လုပ်ပိုင်ခွင့်သည် ပြည်နယ်အစိုးရတွင် လွတ်လပ်စွာ ရှိကြောင်း အဆိုင်တင်သွင်းသူ ဦးစိုင်းထွန်းဉာဏ် ကပြောသည်။


“ကွာဟချက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကား အစီး ထောင် နဲ့ချီပြီးတော့ ရန်ကုန်ပြည်သူလူထုအတွက် တင်သွင်းဖို့ လုပ်တဲ့ချိန်မှာ ကျနော်တို့ ဒီမှာ လျှပ်စစ်မီတာကဏ်ဏ္ဍကို ပြည့်စုံအောင်ဆောင်ရွက်ပေးပါ။ အဆိုတင်တာတောင်မှ ဒါ ပြည်ထောင်စုနဲ့ဆိုင်တယ် ဆိုတဲ့ ဟာမျိုး  သူက လုံးဝကို ရုန်းမထွက်ဘူး။ ဒီပြည်နယ်အစိုးရက ဒါကတစ်ပိုင်း၊ နောက်တစ်ပိုင်း ကျတော့ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့က ကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပါတယ်။


ဒီလုပ်ကွက်တွေကို ပြန်လည်စိစစ်သင့်တယ်လို့ ပြည်သူတွေ ပြောနေတဲ့အချိန်မှာ ကျနော်တို့ သျှမ်းပြည်နယ်က ကျောက်မီးသွေးကို ကန့်ကွက်တယ်။  ဒါကို လာဆွေးနွေးတောင်မှ ပြည်ထောင်စုနဲ့ဆိုင်တယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတော့ ကျနော်တို့ အားမရဘူး အဲ့လိုအနေအထားဖြစ်နေလို့ပါ” ဟု ၄င်း ကပြောသည်။


သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးမှ ၄င်း အဆိုကို မှတ်တမ်းတင်ထားမည်ဟု ပြန်လည်ဖြေကြားရာ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်သဖြင့်  ထောက်ခံမဲ ရ၆ မဲ ရရှိကာ ကန့်ကွက်မဲ ၄၈ မဲ ရရှိခဲ့သည်။ လွှတ်တော်စတုတ္ထနေ့  အစည်းအဝေး တက်ရောက်သည့် ကိုယ်စားလှယ် ၁၂၅ ဦး ရှိသည့် အနက် မဲပေးပိုင်ခွင့် ၁၂၄ ဦး ရှိပြီး စိုင်းထွန်းဉာဏ် ၏ အဆိုကို လွှတ်တော်၌ အတည်ပြု သွားခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates