သျှမ်းတပ်ထံခိုလှုံသည့် မြန်မာတပ်ပြေး သျှမ်းတပ်၏လက်နက်ကို ထပ်မံခိုးယူထွက်ပြေး



သျှမ်းပြည်တပ်မတော် တပ်စခန်းထံဝင်ရောက်ခိုလှုံသော မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့မှ တပ်ပြေး ၂ ဦးအနက် ၁ ဦးမှာ မြန်မာစစ်တပ်ထံပြန်လည်ထွက်ပြေးပြီဖြစ်ကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။

Burmese_Soldierရှေ့တန်းထွက်မြန်မာစစ်သား (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

ယခုလဆန်းပိုင်းက ကျေးသီးမြို့နယ် နှင့် မိုင်းကိုင်မြို့နယ်အတွင်း အခြေချ လှုပ်ရှားသည့် တပ်ရင်း တစ်ရင်းမှ မြန်မာ စစ်ဗိုလ်တဦးနှင့် ရဲတပ်ဖွဲ့ ဝင်တဦး တပ်မှထွက်ပြေးရာ မိုင်းကိုင်မြို့နယ် ဟိုခိုင်း အုပ်စုအခြေစိုက် သျှမ်းပြည်တပ်မတော် RCSS/ SSA ၏ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ထံ ခိုလှုံခဲ့ကြ ကြောင်း ကျေးသီးမှ ပြန်လည်သည့် လဲချား ကုန် သည်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

“ဟိုခိုင်းက SSA အဖွဲ့ဆီကို တပ်ပြေး ၂ ယောက်ကခိုလှုံတယ်။ ဟိုခိုင်းက SSA မြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ်စံဖှကသူတို့ကိုလက်ခံကျွေးမွေးထားတယ်။ ရောက်ပြီး မကြာခင်မှာဘဲ ရဲတပ်ပြေးက ဗိုလ်စံဖှတို့ရဲ့ M 79 တလက်နဲ့ တရုတ်ဆိုင်ကယ်တစီးကိုခိုးယူပြီး ၄ ရက်နေ့မှာ ကျေးသီးက သူ့တပ်ဆီပြန် ထွက်ပြေး သွားတယ်။ SSA ရဲ့ လက်နက်ကြီးကိုတော့ မြန်မာစစ်တပ်က ပြန်ပို့ပေးလိုက်ပြီကြားတယ်။ ကျန်တဲ့ရဲ တယောက်နဲ့ လဲလှယ်ယူမလားတော့မသိဘူးပေါ့” ဟု အဆိုပါကုန်သည်က ပြောသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ အဆိုပါထွက်ပြေးသည့် စစ်ဗိုလ်မှာ ကျေးသီးအခြေစိုက် ခလရ ၁၃၂ မှ ဖြစ်ကြောင်း၊ ရဲတပ်သားလည်း ကျေးသီးမြို့နယ် ရဲတပ်ဖွဲ့ပင်ဖြစ်ကြောင်းဆို၏။

မတ်ခ်ျလဆန်းကလည်း အဆိုပါ ဖြစ်ရပ်မျိုး မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းအုပ်စု၌ ဖြစ်ပွါးခဲ့ဖူးသည်ဟုဆို၏။ အဆိုပါသတင်းအရ ကျေးသီးမြို့ မြန်မာစစ်တပ်၏ တပ်ပြေး ၂ ဦး သျှမ်းပြည်တပ်မတော်၏ ဟမ်းငိုင်းအခြေချ တပ်စခန်း အရောက် သျှမ်းပြည်တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းအား မြန်မာစစ်တပ်ထံ ပြန်လည် အပ်နှံပေးခဲ့ဖူးသည်။

နအဖက စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာနိုင်ငံသား တိုင်း ဥပဒေနှင့် အညီ စစ်ပညာသင်ရန်နှင့် နိုင်ငံကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသော်လည်း ရသည့်လစာနှင့် မိသားစုဖူလုံအောင်သုံးစွဲဖို့ခက်ခဲခြင်းကြောင့်တပ်ပြေးများ နေ့စဉ်နှင့်အမျှ ရှိနေကြောင်း စစ်တပ်အရာရှိအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောပြပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates