ဆောက်လုပ်ရေးဝန်ကြီးသည် နိုင်ငံတော်သမ္မတကြီးထက်ပင် အာဏာပိုမိုရှိနေသလော
သို့-သျှမ်းသံတော်ဆင့်
ကျနော်တို့ သျှမ်းပြည်မြောက်ပိုင်း မူဆယ်-မန္တလေးကားလမ်းတွင် ဆောက်လုပ်ရေးမှ ဥပဒေများ အမျိုး မျိုး ပြောင်းလဲပြီး ကျွန်တော်တို့ယဉ်မောင်းသမားများ သွားလာရာခရီးတစ်လျှောက်တွင် အဆင်မပြေမှု များစွာကြုံတွေ့နေရပါသည်။ ယခင်လက တန်ပိုသောယာဉ်များအား ဒဏ်ငွေဆယ်ဆ ပေးဆောင်ရ မည်ဟု သတ်မှတ်ထားပြီး ယခုလတွင် “ ဒဏ်ငွေမရိုက် တော့ဘူး လုံးဝတန်ပိုတင်ဆောင်ခွင့် လည်းမရှိ ဘူး” ဟု လားရှိုး တိုးဂိတ်တွင် ပြောကြားပါသည်။ မိမိတို့ကားများသည် တစ်ခါတရံတွင်လည်း မချိန်ဘဲတင်လိုက်ရသော ပစ္စည်းများ ဥပမာ တောထဲတွင်တင်ဆောင်ရသော သတ္ထု၊ ကုန်စိမ်း သီနှံများ၊ သစ်ထုတ်လုပ်ရေးမှထုတ်လုပ်သောသစ်ခွဲသားများ၊ ခန့်မှန်းခြေဖြင့်တင်ဆောင်ရပါသည်။ ထိုအတွက် ကြောင့် တစ်ခါတရံတွင် တန်ပိုသွားတတ်ပါသည်။ ထိုကဲ့သို့ တန်ပိုတင်ဆောင်သောယာဉ်များအား ဒဏ်ငွေ မရိုက်ပဲ ဖြတ်သန်း ခွင့်မပြုခြင်းကြောင့် များစွာအခက်အခဲ ကြုံတွေ့ရပါသည်။ ကျနော်တို့ ယာဉ်မောင်းများ ဖြစ်စေချင်သည်မှာ ကျွန်တော်တို့ မောင်းနှင်သော ကားများအား အာဆီယံ စံချိန် မဟုတ်ပဲ မိမိနိုင်ငံ၏ ဥပဒေ တစ်ခုအားသတ်မှတ်ပေးပြီး မောင်းနှင်ခိုင်း လျင်ပိုကောင်းပါမည်။
ဥပမာ ကျွန်တော်တို့ သင့်တော်သည့်တန်ချိန်ဆိုသည်မှာ ၆ဘီး ၁၆တန် ၊ ၁၀ဘီး ၂၁တန်၊ ၁၂ဘီး ၂၅တန်၊ မဟုတ်ပဲ ၆ဘီး တန်၂၀မှ ၂၂တန် ၊ ၁၀ဘီး တန်၂၈မှ ၃၀တန် ၊ ၁၂ဘီး တန်၃၂မှ ၃၅တန် သတ်မှတ်ပေးလျှင် ပိုမိုအဆင်ပြေပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့မောင်းနှင်သော ကားများ၏အလေးချိန်နှင့် အင်ဂျင်ပါဝါသည် ၎င်းတန်ချိန်အတိုင်း တင်မှသာ ပိုမိုအဆင်ပြေပါမည်။
တိုးပေးသတ်မှတ်ထားသော တန်ချိန်ထက် ပိုမိုတင်ဆောင်သောယာဉ်ရှိမှသာ အဆိုပါယာဉ်အား သိမ်း ဆည်းသည်အထိ အရေး ယူဆောင်ရွက်ပါက ပိုမိုထိရောက်ပါမည်။ ယခုကျနော်တို့ပြောသော တန်ချိန် များသည် လမ်းကိုပျက်စီး စေနိုင်သော တန်ချိန်မဟုတ်ပါ။ ထိုတန်ချိန်လောက်အထိတော့ ခွင့်ပြုနိုင်မည်ဟု ထင်ပါ သည်။
ယခုသတ်မှတ်ပေးသောတန်ချိန်သည် အလွန်နည်းသောကြောင့် ကျွန်တော်တို့ကားပြေးဆွဲရာ တွင် လုံးဝအဆင်မပြေပါ။ တစ်ခါတရံ ကားပျက်လျှင် အရှုံးပေါ်ပါသည်။ လိုအပ်သလိုစုံစမ်းစစ်ဆေး နိုင်ပါသည်။ ကျနော်တို့ယာဉ်မောင်းများသည် နိုင်ငံတော်သမ္မတကြီး သဘောထားကြီးမား ပျော့ပြောင်း သလောက် ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်သည် နည်းမျိုး စုံဖြင့် မိမိနာမည်ကောင်းရဖို့ သာ ကြည့်ပြီး ကျနော်တို့ကားပြေးဆွဲသောသူများအား နည်းမျိုးစုံဖြင့် ဥပဒေ အမျိုးမျိုး ထုတ်ကာ နှိပ်စက် ညင်းပန်းနေပါသဖြင့်နောင်တွင် ကျနော်တို့၏မိသားစု စားဝတ်နေရေး များစွာအခက်တွေ့ နိုင်ပါသည်။ ထိုအတွက်ကြောင့် လွန်စွာမိုက်ရိုင်းပြီးကျနော်တို့ကားသမားများအပေါ် ရိုက်စားနေသော ဆောက်လုပ် ရေး ဝန်ကြီး အား ဆုံးမပေးနိုင်ရန် သျှမ်းသံတော်ဆင့်မှ တဆင့် ကျနော်တို့ အလွန်လေးစားချစ်ခင်ရ ပါသော နိုင်ငံတော်သမ္မတ ကြီး ထံ တိုင်ကြားအပ်ပါသည်။ နိုင်ငံတော်သမ္မတကြီးမှ မယုံပါက သျှမ်းပြည် မြောက်ပိုင်းရှိ မည်သည့်ကား မည်သည့် ယာဉ်မောင်း မဆို ခေါ်ယူစစ်ဆေးနိုင်ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးနှင့် ပူးပေါင်းပြီး တင်သွင်းထားသော ၂၂ ဘီးကားများခေါ် ထွေလာကားများ သွားလာရာတွင် လမ်း ပျက်စီးသည်ကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဦးခင်မောင်မြင့်က မသိဟန်ဆောင် နေ ပါသည်။ ၄င်း ၂၂ ဘီး ကားများသည် ယခုတစ်လအတွင်းတွင် လမ်းတွင် ယာဉ်တိမ်းမှောက်မှုမှာ ၁၀ကြိမ်ထက်မနည်းရှိနေပြီး အမြဲတမ်းလမ်းပိတ် ဆို့အောင် လုပ်နေပါသည်။ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့် သည် ၎င်းကားများကိုတော့ ၅၅ တန်ထိပေးပြီး တင်ဆောင်ခိုင်း ပါသည်။ ကျနော်တို့လို ကားများ တန်၂၀ ကျော်ပဲတင် ခွင့်ပေးထားပါသည်။ သျှမ်းပြည်မြောက်ပိုင်းလမ်းသည် အကွေ့ အကောက် များသောကြောင့် ထို၂၂ဘီးထွေလာကားကြီးများသွားလာရာတွင် လမ်းပိတ်ဆို့မှု ၊ လမ်းပျက်စီးမှု ပိုမိုများပြားပြီး ၎င်းကားသည် သျှမ်းပြည်မြောက်ပိုင်းလမ်းနှင့်လုံးဝကိုက်ညီမှုမရှိပါ ။ ၎င်းကားကြောင့်လမ်းပျက်စီး သည် မပျက်စီးသည်ကို သျှမ်းပြည်မြောက်ပိုင်းရှိ ပြည်သူလူထုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လွဲပြီး ကျန်သည့်ဌာနဆိုင်ရာ များအား တွေ့ဆုံ မေးမြန်းနိုင်ပါသည် ။ တစ်ခါတလေကျနော်တို့ကားသမားများ ထင်မိသည်မှာ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်သည် နိုင်ငံတော်သမ္မတကြီးထက်ပင် အာဏာပိုမိုရှိနေသလောဟု ထင်မြင်ယူဆမိပါသည်။
နိုင်ငံတော်သမ္မတကြီးအား အားကိုးယုံကြည်လေးစားလျှက်
သျှမ်းပြည်မြောက်ပိုင်း ယာဉ်မောင်းများ
Tags: Letter to Editor

