ကျနော်သိတဲ့ ခရိုင်ရဲမှူး



သျှမ်းသံတော်ဆင့်ကနေတဆင့်သိစေချင်ပါသည်

မနှစ်က နှစ်လယ်လောက်မှာ တာချီလိတ်ကို ခရိုင်ရဲမှူးသစ် ပြောင်းလာတယ်လို့ သိရပါတယ်။ သူရောက်ပြီး ဘာမှမကြာဘူး။ တလလောက်မှာ ဟွေ့လင်လမ်ဂိတ်နဲ့ တာချီလိတ်မြို့ထဲက အိမ်တအိမ် မှာ သူ့တပည့်တွေ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတွေနဲ့ ငွေကြေးတော်တော်များများ ဖမ်းမိလို့ ရဲအဖွဲ့တွေ ရာထူးတောင် တက်ကြတယ်လို့ ကြားတယ်။ တာချီလိတ်လို နယ်စပ်မြို့မှာ ထိန်းသိမ်းရ ခက်တဲ့ ဂိမ်းဆိုင်တွေဖမ်းတယ်လို့ အသံတွေ ထွက်လာတယ်။ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတွေ ဆက်တိုက်မိနေတာတွေ ကြားရတယ်။ ဒုစရိုက်သမားတွေက လုံးဝမကျေနပ်ကြဘူးလို့ သိရတယ်။

ဒီနှစ် ၂ လပိုင်းလောက်မှာ ထိုင်းနယ်စပ်မျဉ်းနားက လွယ်တော်ခမ်း၊ ပါခါးရွာမှာ ယာဘဆေး ပြားတွေ သန်းနဲ့ချီပြီး ဖမ်းမိပြန်တယ်။ ယာဘဆေးပြားပေါင်း ၉ သိန်းနီးပါးနဲ့ လက်နက်ခဲယမ်းတွေပါ ရတယ်လို့ သိရတယ်။ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလ ရဲနှစ်ပတ်လည်နေ့တုန်းက ဖိတ်ကြားခြင်းခံရလို့ ကျနော်တို့ဇနီးမောင်နှံ ခရိုင်ရုံးကို ရောက်သွားတယ်။ ခရိုင်မှူးက သူ့ဇနီးနဲ့ မိတ်ဆက်ပေးတယ်။ သူ့ဇနီး က ရဲမိသားစုဝင်တွေနဲ့ ဧည့်သည်တွေကို ပြုံးပြုံးရွှင်ရွှင် ဧည့်ခံကျွေးမွေးနေတာ မြင်ရတော့ အဖွဲ့အစည်း မိသားစုတွေရဲ့ သဘောကို နွေးထွေးကြည်နူးစွာ ခံစားမိပါတယ်။ တွေ့ရတာ စိတ်ချမ်းသာလိုက်တာ….

ဒီနှစ်မတ်ခ်ျလမှာ တာချီလိတ်ဂေါက်ကလပ်မှာ ဂေါက်မရိုက်ဖြစ်တာ ကြာပြီဖြစ်တဲ့ကျနော် ပြိုင်ပွဲမို့ ဝင်ရိုက်တယ်။ ရိုက်ပြီး မကြာခင် တီခုံတခုနားမှာ ဗုံးတစ်လုံးပေါက်ကွဲတယ်။ နောက်ထပ် တလုံးထပ်ကွဲတယ်။ ကံကောင်းလို့ လူ ၂ ယောက်လောက်ဘဲ ဒဏ်ရာရခဲ့တယ်။ ပွဲပျက်ပြီပေါ့။ အိုး…. မကွဲသေးတဲ့ နောက်တစ်လုံးထပ်တွေ့တယ်။ ခရိုင်မှူး အကြောက်အလန့်မရှိဘူး။ ဝမ်းလျားမှောက်ပြီး ဝါးချိတ်နဲ့ မိုင်းဗုံးကို ကိုယ်တိုင်ဆွဲပြီး ဖျက်စီးခဲ့တယ်။ အနားမှာ မီးသတ်ကားတွေလည်းတွေ့တယ်။ အမလေး…. မိုင်းဗုံးမှာ သံချောင်းအဆံတွေ တတ်ထားတာ မနည်းပါလား။ ကွဲရင်တော့ သေလိုက်မဲ့လူ တွေ။ ခရိုင်မှူး အာဂ လူဘဲ…။ သူ့အဖွဲ့တွေ နေ့/ညတောက်လျှောက် ကင်းလှည့်နေတာ တွေ့ရတယ်။ မြို့တွင်းရော မြို့ပြင်ရောဘဲ။ သူတို့အလုပ်တာဝန်ကို သူတို့လုပ်နေကြတယ်။

သင်္ကြန်နားနီးလို့ ကျနော်တို့ ဇနီးမောင်နှံ ဆန်ဆိုင်းဈေးမှာ ဈေးသွားဝယ်တော့ ဈေးထဲမှာ ခရိုင်းမှူးဇနီးကို ၁၁-၁၂ နှစ်လောက်ရှိမဲ့ သမီးလေးတယောက်နဲ့ တွေ့တော့ နှုတ်ဆက်စကားပြောဖြစ် တယ်။ သားအမိနှစ်ယောက် ဘုရားပန်းတွေ၊ ဟင်းချက်စရာတွေ မနိုင်မနင်းနဲ့ သင်္ကြန်အကြိုနေ့မှာ ဘုန်းကြီးဆွမ်းကပ်ပြီး မိသားစုတွေကို ရွှေရင်အေးလုပ်ကျွေးမယ်လို့ ရယ်ရယ်မောမော ပြောပြတယ်။ ဈေးကအပြန် လမ်းမှာ ပါလျှံလိုင်းထဲက ရဲမေတွေ ဟင်းသီးဟင်းရွက် မဝယ်စားရဘူး။ ခရိုင်မှူးဇနီးက စိုက်ခင်းလုပ်ပေးထားတယ်လို့ ကျနော့်ဇနီးက ပြောပြတယ်။

ဒီနှစ်မေလထဲမှာဘဲ တံတား ၂ ထိပ်က အသားကင်ရောင်းတဲ့ ကုလားလေး ရက်ရက်စက်စက် အသတ်ခံရတဲ့နေ့က သူတပည့်တွေနဲ့ ဖြစ်တဲ့နေရာမှာ တွေ့လိုက်တယ်။ မကြာပါဘူး။ ၇-၈ ရက် လောက်မှာ သတ်တဲ့ကောင်လေးတွေကို ဖမ်းမိလို့ တစ်မြို့လုံးက ကျေးဇူးတင် ၀မ်းမြောက်ကြတာပေါ့။

ဒီလ ၂ ရက်နေ့ နေ့လည်ပိုင်းလောက် ကျနော် အိမ်မှာစာဖတ်နေတုန်း ဇနီးဖြစ်သူက သူမ ကြည့်နေတဲ့ Welcome To TachiLeik News အင်တာနက်သတင်းကို ကျနော့်ကိုခေါ်ပြလို့ ဖတ်ကြည့် တယ်။ ဒီခရိုင်မှူးလား၊ ကျနော်သိတဲ့ ခရိုင်မှူး မဟုတ်ပါဘူး။ သူ့ဘက်က ကြည့်တော့ လက်ဖမိုး၊ ကိုယ့် ဘက်ကကြည့်တော့ လက်ဖဝါး။ အကြည့်မှန်ပါစေ။ အမြင်မှန်ပါစေ။ ကြည့်တတ် မြင်တတ်ကြပါစေ။ သူတစ်ပါးရဲ့ အောင်မြင်မှုကို မုဒိတာပွားနိုင်ပါစေ………


တာချီလိတ်သားတစ်ဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates