အထူး ၄ နယ်မြေအတွင်း မူးယစ်ကင်းစင်ရေး မိုင်းလားတပ်ဖွဲ့စည်းကမ်းထပ်မံတင်းကျပ်
မူးယစ်းဆေးဝါးအထူးတိုက်ဖျက်ရေးလုပ်ငန်းအတွက် အဓိကထားဆွေးနွေးခဲ့ကြသော သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့ ၏ ၆ လပတ်အစည်းအဝေးပြီးနောက်ပိုင်း မူးယစ်ကင်းစင်ရေးအတွက် အဓိက အချက် ၅ ချက်ကိုရှောင်ကြဉ်ရမည့်ဝန်ခံကတိ လက်မှတ်အားအိမ်တိုင်းစေ့ ရေးထိုးခိုင်းနေသည်ဟုဆို၏။
မိုင်းလားတပ်ဖွဲ့၏ ယမန်နှစ် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲ အဆိုပါ အစည်းအဝေးမှ မိုင်းလားတပ်ဖွဲ့ထိန်းချုပ်သည့်နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း၊ အစည်းအဝေးပြီးသည်နှင့် တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူ တာဝန်ရှိပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။
“ အခုလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အစည်းအဝေးလုပ်ကြတယ်။ မိုင်းလားမြို့က အုပ်ချုပ်ရေးရုံးမှာပေါ့။ ဥက္ကဌကြီး စဝ်စိုင်းလင်းကိုယ်တိုင်တက်ရောက်တယ်။ ဌာနဆိုင်ရာအကြီးအကဲတွေတက်ရောက်တယ်။ စစ်တပ်ဖက်ကရော အုပ်ချုပ်ရေး ဖက်ကရော တာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်တယ်။ အယောက် ၂၀၀ ကျော်ရှိတယ်”ဟု ၎င်းက ပြောပြသည်။
မူးယစ်ဆေးဝါးရှင်းလင်းရေးကို ယခုအစည်းအဝေးမှစတင်ခြင်းမဟုတ်ဘဲ ယခုနှစ်ဆန်းကတည်းက ပတ်သက်သူများအား စတင်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ အစည်းအဝေးဆုံးဖြတ်ချက်မချမှီ ယခုလ ၆ ရက်နေ့ကလည်း တကြိမ် ထပ်မံဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ နှစ်ဆန်းမှစ၍ ယခုချိန်အထိ လူ ၃၀၀ ကျော်ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဆိုပါသည်။
“အခုလို ပြင်းပြင်းထန်ထန် မရှင်းလင်းထားရင် ပထမအချက် ကျနော်တို့ လူငယ်တွေ ပျက်စီးကုန်မယ်။ လူငယ်တွေ အရည်အချင်းမပြည့်မှီရင် အနာဂတ်ခေါင်းဆောင်ဖြစ်ဖို့ ဘယ်လိုအစားထိုးလာနိုင်မလဲ။ ဒုတိယအချက်က ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ လူဦးရေတော်တော်များများ တိုးလာတယ်။ မူးယစ်ဆေးကို ဆက်တိုက်ဆက်တိုက် မရှင်းလင်းရင် ကျနော်တို့နယ်မြေ နာမည်ပျက်ပါလိမ့်မယ်” ဟု အမည်မဖေါ်လိုသည့် မိုင်းလားအရာရှိတဦးကလည်းပြောပါသည်။
မိုင်းလားတပ်ဖွဲ့ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု-သျှမ်းပြည်အရှေ့ပိုင်း (NDAA-ESS) သည် ၁၉၉၂ ကတည်းက မိမိနယ်မြေအား မူးယစ်ကင်းစင်နယ်မြေဖြစ်စေရမည်ဟု ကြေငြာခဲ့သည်။ ၁၉၉၄ က ၎င်းနယ်မြေအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးလုပ်ဆောင်ကာ ၁၉၉၇ တွင် မူးယစ်ဆေးကင်းစင်ကြောင်း ကမ္ဘာကို ကြေငြာနိုင်ခဲ့သည်။ ဘိန်းပပျောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့မှုကြောင့် ၂၀၀၀ မှစ၍ မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းအား အမေရိကန်အစိုးရ၏ Blacklist မှ ပယ်ဖျက်ပေးခြင်း ခံခဲ့ရသည်။
ထိုင်းနိုင်ငံချင်းမိုင်မြို့၌လည်း ပြီးခဲ့သည့်လ ၂၈ ရက်က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (ONCB) နှင့် အမှတ် ၃ ထိုင်းတပ်မတော်မှ ပူးတွဲကျင်းပခဲ့သည့်အစည်းအဝေး၌ ထိုင်းအာဏာပိုင်များက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည်ဟု ယုံကြည်ရ သည့် အဖွဲ့သုံးဖွဲ့ကို မျက်ခြည်မပြတ်စောင့်ကြည့်နေကြောင်း၊ ၎င်းတို့မှာ ဟုတ်ပန်း၊ မိုင်းလား နှင့်ရွှေတြိဂံနယ်မြေ အတွင်းပါဝင်သည့် လာအိုဘက်ကမ်းရှိ King Romans ကာဆီနိုပိုင်ရှင် ကျောက်ဝေ တို့ဖြစ်ကြောင်း စစ်တိုင်းမှူးကပြောကြား ခဲ့ပါသည်။
မိုင်းလားခေါင်းဆောင်များက ဤသတင်းမှာမမှန်ကန်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် နိုင်ငံတကာ၊ အထူးသဖြင့် တရုတ်အာဏာပိုင်များဖြင့် အမြဲပူးပေါင်းခဲ့ကြောင်းဆိုပါသည်။
Tags: Drug, News

