ပိုက်လိုင်းကြောင့် လယ်သမားများ နစ်နာဆုံးရှုံး



သို့

သျှမ်းသံတော်ဆင့် ဒယ်ဒီတာ ခင်ဗျာ့

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးကျေးရွာမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း က သိမ်းထားတဲ့မြေ ပေပေါင်း ၁၀၀ ထက်ကျော်ပြီး မြေစာတွေကို ပုံလာပါတယ်။ လုံးရွှေကျောင်းက စိုင်းသန်းမောင်(လယ်ပိုင်ရှင်)ကနေ ငှားရမ်းထားတဲ့ ၁.၃ ဧကရှိ လယ်ထဲမှာ တရုတ်ပဲနဲ့မူစွန်းဟင်းရွက် စိုက်ပျိုးထားပါတယ်။ စည်းကျော်ပြီး ပုံလာတဲ့ မြေစာတွေကြောင့် စိုက်ခင်းပျက်စီးပြီး ငွေပမာဏ ၅ သိန်း တန်ဖိုးရှိတဲ့ သီးနှံပိဿာ ၁၀၀၀ ဆုံးရှုံးသွားပါတယ်။ လျော်ကြေးကိစ္စလည်း ကုမ္ပဏီက ဘာမှ မပြောပါဘူး။ လယ်သမားတွေက လျော်ကြေးရဖို့အတွက် အားကိုးတကြီးနဲ့ ကျေးရွာဥက္ကဋ္ဌ ဦးအောင်ဝင်း ကို သွားရောက်ခေါ်ဆောင်ပြသပြီး အကူအညီတောင်းပါတယ်။ ဒါပေမဲ့ အနီရောင်ဝတ်စုံ ဝတ် ကုမ္ပဏီ ဝန်ထမ်းတွေက ဦးအောင်ဝင်း ကို လာဘ်ထိုးထားပါတယ်။ ဒါကြောင့် သူက “ဒီလောက် လေးနဲ့ ဘာမှမဖြစ်ပါဘူး။ သူတို့ မြေစာတွေကို ကူပြီးဖယ်ပေးမှာပါ”လို့သာ ပြောလာပါတယ်။ လုံးရွှေကျောင်း အပြင် လယ်သမား ၄-၅ ဦးလည်း မြေစာပုံကြောင့် ဒုက္ခရောက်ရပါတယ်။


ဒီအချိန်ဟာ မိုးစပါးစိုက်ချိန်ဖြစ်တဲ့အလျောက် လယ်သမားတွေက စပါးစိုက်ဖို့ အားခဲနေကြပါတယ်။ ဒါပေမဲ့ ပိုက်လုံးတွေအားလုံး မြေအောက်မချရသေးတဲ့အတွက် ချောင်းရေသွယ်တန်းဖို့လည်း အခက် အခဲတွေ့နေရပါတယ်။ မြေစာပုံတွေကလည်း အရမ်းမြင့်နေတာကြောင့် ချောင်းအထက်ပိုင်းမှာ လယ်တွေ နစ်မြှုပ်ပြီး ချောင်းအောက်ပိုင်းမှာတော့ ရေမရ၊ ရေမလောက်ဘဲ ဖြစ်နေရပါတယ်။

နောင်တုန်းကျေးရွာမှာတော့ ပိုက်လိုင်းတွေအားလုံး မြေအောက်ချပြီးလို့ အဲဒီနေရာတွေမှာ လယ်ကွက် ပြန်ဖော်ပေးထားပြီး ကုမ္ပဏီက လယ်စိုက်နိုင်ပြီလို့ ပြောပါတယ်။ ဒါပေမဲ့ မြေစာရင်း ဦးစိုးမြင့်ထွန်း က မပေးစိုက်သေးပါဘူး။

ဒါကြောင့် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ တာဝန်ရှိသူတွေ သိရှိပြီး လယ်သမားတွေ အချိန်မှီ လယ်စိုက်ပျိုးနိုင်အောင်၊ ရေလုံလောက်စွာ ရရှိအောင်၊ ဆုံးရှုံးသွားတဲ့ သီးနှံ တွေအတွက် ရသင့်ရထိုက်တဲ့ လျော်ကြေးတွေ ရရှိအောင် ဆောင်ရွက်ပေးဖို့ သျှမ်းသံတော်ဆင့်မှ တဆင့် အသိပေးတောင်းခံအပ်ပါတယ်။



နမ့်ခမ်းမြို့နယ် လယ်သမားများ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates