သျှမ်းပြည်တောင်ပိုင်း မြန်မာအီးဂရက်စ်၏ နိုင်ငံရေးသင်တန်း လူငယ်များစိတ်ဝင်စား
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် စိုင်းအိုက်ပေါင်း၏ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်တောင်ပိုင်းသို့ မြန်မာအီးဂရက်စ်မှ နိုင်ငံရေးသင်တန်းပေးနေကြောင်း သျှမ်းလူငယ်များ အသိုင်းအဝိုင်းကပြောသည်။

“ ဒီလဆန်းကတည်းက မြန်မာအီးဂရက်စ်ကနေ သျှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့ကို သင်တန်း ပေးပါတယ်။ ကျားဖြူပါတီ ဥက္ကဌစိုင်းအိုက်ပေါင်းရဲ့ ဖိတ်ကြားချက်လို့ပြောပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာတော်တော်များများပြောသွားတယ်။ သျှမ်းပြည် လူငယ်တွေအတွက် တဖက်က ကောင်း တယ်လို့ ဆိုရပေမယ့် တချို့ဟာတွေက နိုင်ငံတော်အစိုးရပေါ်လစီဘက် တော်တော်ယိမ်းနေတာတွေ့ ရတယ်” ဟု သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နေ ခေတ်ပညာတတ်လူငယ်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
သျှမ်းပြည်တောင်ပိုင်း ပင်လုံ၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်၊ မိုင်းကိုင်၊ ကာလိ၊ လဲချား၊ မိုင်းရှူးသို့ နိုင်ငံရေးနှင့် ပတ်သက်သည့် သင်ခန်းစာများအပြင် နိုင်ငံရေးဘောဂဗေဒ၊ ပတ်ဝန်းကျင် တိုးတက်မှုစသည်တို့လည်း မြန်မာအီးဂရက်စ်က ပို့ချပေးကြောင်း ယခုလဆန်းပိုင်းတည်းက ပို့ချပေးကြောင်း အဆိုပါလူငယ်က ဆက်လက်ပြောပြသည်။ ခေတ်ပညာတတ်ကျောင်း သားလူငယ်များအပြင် ဈေးသည် များ၊ အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်နေသည့်လူငယ်များနှင့် လယ်ယာလုပ်ငန်းရှင်အချို့လည်း တက် ရောက် ကြကြောင်း သိရသည်။
လင်းခေးခရိုင် လင်းခေးမြို့တွင် ယခုလ ၂၄ မှ ၂၉ အထိ သင်တန်းပေးခဲ့ကြောင်း၊ လဲချား မြို့၌ သင်တန်းဆက်ပေးပြီးပါက ခရီးစဉ်ပြီးဆုံးပြီဖြစ်ကြောင်း ကျားဖြူပါတီဝင် အဆိုပါလူငယ်က ဆက် လက် ပြောပြသည်။
“မိုင်းကိုင် နဲ့ မိုင်းရှူးကို ဖက်ကိုတော့ နယ်မြေအတွင်း မတည်ငြိမ်မှုရှိနေလို့ဆိုပြီး ခရီးစဉ်ဖျက်လိုက် တယ်။ ဒါကြောင့် လဲချားကိုဘဲ ဆက်သွားမှာပါ။ လဲချားပြီးရင်တော့ သူတို့အဖွဲ့ ခရီးစဉ်ပြီးပါပြီ။လင်းခေး မှာတော့ မိုင်းပန်က လူငယ် တွေနဲ့ပေါင်းပြီး သူတို့ပို့ချပေးတယ်။ သင်တန်း သား ၇၀ ၀န်းကျင် လောက် ရှိတယ်။ မိုင်းပန်က ၃၀ ကျော်လာ ပေါင်းတက်တယ်လေ။ အစိုးရဘက်ယိမ်းတဲ့ပေါ်လစီတွေရှိ တယ်ဆိုပေ မယ့် နိုင်ငံရေးအသိအမြင် သိပ်မကြွယ်ဝ သေးတဲ့ကျနော်တို့ လူငယ်တွေအတွက် အခုလို သင်တန်းတွေ ရှိလာတာဟာ အဆိုးထဲက အကောင်းတခုပေါ့ဗျာ။ ဗဟုသုတဆိုတာရှိလာရင် အဆိုးအကောင်း အကျိုး အကြောင်း ကိုလူငယ်တွေက ခွဲခြားတတ်လာမှာပါ။ ဖြစ်နိုင်ရင်တော့ သျှမ်းထဲက အဖွဲ့ဖြစ်စေချင် တာပေါ့” ဟုလည်း အဆိုပါလူငယ်က ပြောသည်။
နမ့်စန်နှင့်ပင်လုံ၊ ခိုလမ်၊ ကွန်ဟိန်းနှင့် ကာလိ၊ မိုးနဲနှင့် မောက်မယ် ၊ လင်းခေးနှင့်မိုင်းပန် စသည်ဖြင့် ပူးတွဲသင်တန်းပေးခဲ့ကြောင်း၊ မြန်မာအီးဂရက်စ်က အဖွဲ့ခွဲကာ သျှမ်းပြည်မြောက်ပိုင်းဘက်လည်း သွားရောက်သင်တန်းပေးသည်ဟုကြားသိရကြောင်း၊ ယခုပေးသည့်သင်တန်းအပေါ် ဒေသခံလူငယ် ထုအများအပြားက စိတ်ဝင်စားမှုရှိကြကြောင်း ပင်လုံမြို့ဒေသခံ တဦးကလည်းပြောသည်။
“ဒီအဖွဲ့က သင်တန်းလာပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ သျှမ်း အသိုင်းအဝိုင်းထဲက အဖွဲ့တွေ ခေတ်ပညာတတ်လူငယ်တွေ ကိုယ်တွေ့များတဲ့လူကြီးပိုင်းတွေကနေ ပေးတဲ့သင်တန်းလဲရှိစေချင်တယ်။ အဲလိုဆိုရင် အောင်မြင်မှုက ပိုပြီးတော့ မြန်ဆန်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုရင် ဒီသင်တန်းတွေကိုကြည့်ရင် တမြို့နယ်မှာ ၆၀ - ၇၀ ထက်မနည်းဘူးဘဲ။ ကာလိမှာ လုပ်တဲ့သင်တန်းဆိုရင် ၁၀၀ ကျော်တယ်။ ပြည်သူ့စစ်အသွင်ပြောင်း (တပ်မဟာ ၇ လွယ်ဖာ) ကနေ ၅၀ ကျော်လာတယ်လို့ တောင်ကြားတယ်”- ဟု ပင်လုံမြို့မှ ရပ်မိရပ်တဦးကလည်းပြောပြသည်။
အစိုးရ၏ NGO ဟု နာမည်ကြီးနေသော မြန်မာအီးဂရက်စ်အဖွဲ့သည် မေလ ၂၄ ရက်မှ ဂျွန်လ ၂၇ ရက်အထိ ရန်ကုန်မြို့ရှိ ၄င်းအဖွဲ့၏ရုံးတွင် Goverence Training for Leaders and Change Agent ဟူသည့်သင်တန်းကိုလည်း ပေးခဲ့ဖူးသည်။ အဆိုပါသင်တန်းသို့ ပြည်တွင်းမှ နာမည်ကျော် စာရေးဆရာများအပြင် ပြည်ပမှ လယ်ရီဒိုင်းမွန်း၊ ရောဘတ်တေလာအစရှိပညာရှင်များဖိတ်ခေါ်က ပို့ချပေးခဲ့သည်။
Tags: News, politic