ထိုင်းနိုင်ငံဖွား သျှမ်းရွှေ့ပြောင်းအလုပ်သမား ကလေးများ စာပေယဉ်ကျေးမှု မပပျောက်ရေး သျှမ်းလူငယ်အဖွဲ့ ကူညီပေး



ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းလူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Shan Youth Power (SYP) ၏ ပံ့ပိုးမှုလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံဖွား သျှမ်းရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ မိမိဘာသာစာပေ ယဉ်ကျေးမှုကို မမေ့မပျောက်ဘဲ တတ်မြောက်လာကြောင်း SYP က ဆို၏။

teachingကလေးများအား စာသင်ပေးနေစဉ် (Photo: SYP)

“ခလေးတွေဟာ ဒီထိုင်းမှာဘဲမွေးတော့ ကိုယ့်ဘာသာစကားလည်း မပြောတတ်ဘူး။မိမိ စာပေယဉ်ကျေး မှုတွေနဲ့ အလှမ်းဝေးနေတယ်။ ကျနော်တို့ရဲ့ ပညာရေးစီမံကိန်းကြောင့် သူတို့လေးတွေဟာ မိခင်ဘာ သာစကား ပြောနိုင်သလို ရေးတတ်၊ ဖတ်တတ်လာတယ်။ ယဉ်ကျေးမှုဆိုရင်လဲ နားလည်လာတယ်” ဟု ပညာရေးကဏ္ဍဆက်သွယ်ရေးတာဝန်ခံ စိုင်းမျိုးအောင် က ပြောပါသည်။

လူငယ့်အသံအတွက် ရည်ရွယ်ပြီး ၂၀၀၂ ခုနှစ်မှ စတင်ဖွဲ့စည်းထူထောင်လာခဲ့သော Shan Youth Power (SYP) သည် ၂၀၀၃ ခုနှစ်တွင် ပညာရေးဏ္ဍ၊ ၂၀၀၄ ခုနှစ်တွင် ကျန်းမာရေးကဏ္ဍနှင့် မြို့ရွာ ဖွံ့ဖြိုးရေးဏ္ဍတို့ကိုတိုးချဲ့ဆောင်ရွက်လာသည်ဟု ဆို၏။

စာသင်ကျောင်းများကို ချင်းမိုင်ရှိ သျှမ်းရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ရာ ဆောက်လုပ်ငန်း အလုပ်သမားတန်းလျား၌ ဖွင့်လှစ်ထားကြောင်း၊ ၂၀၁၂ မတိုင်မီ ကျောင်းပေါင်း ၁၁ ကျောင်းခန့် ဖွင့် လှစ်နိုင်သော်လည်း ယခုနှစ်တွင်မူ ငွေ ကြေးအခက်အခဲကြောင့် ၆ ကျောင်းသာ ဖွင့်လှစ်နိုင်ကြောင်း၊ ယခုနှစ် ကျောင်းသူ/ကျောင်းသား စုစုပေါင်း အားလုံး ၁၇၀ ကျော်ရှိကြောင်း ပြောပါသည်။

ပညာရေးကဏ္ဍာ၌ သျှမ်းလူငယ်များအတွက် အခြေခံ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းလည်း ဖွင့် လှစ်ထားကြောင်း၊ ၂၀၀၃ ခုနှစ်မှစ၍ ယနေ့ထိ သင်တန်းသားပေါင်း ၄၀၀ ထက်မနည်း မွေးထုတ်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

“ကျနော်တို့ဆီကနေ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာသင်တန်းတက်ပြီးသွားတဲ့သူတွေထဲကနေ School for Shan State Youth Nationalities (SSSNY) ကျောင်းကို ဆက်တက်တာ အယောက် ၃၀ လောက် ရှိမယ်။ ဒီကျောင်းပြီးရင် လူမှုအဖွဲ့အစည်းမှာ ဝင်ရောက်ကူညီလုပ်ကိုင်နေကြတဲ့သူတွေရှိသလို ပညာ ဆက်သင်တဲ့သူတွေလည်းရှိတယ်။ အနာဂတ် ခေါင်းဆောင်တွေ ဖြစ်လာမယ့် ကလေးငယ်တွေကို တဖက်တလမ်းကနေ ပြုစုပျိုးထောင်ပေးရတာကို ကျေနပ်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ဆက်ပြောပါသည်။

SYP ကို မီဒီယာဖြင့် စတင်ထူထောင်ခဲ့သော်လည်း ဤကဏ္ဍ၌ ငွေကြေးအခက်အခဲကြောင့် တစ်နှစ်လျှင် စာစောင် ၃ စောင်မှ ၄ စောင်အထိသာ ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ယခုအခါ သတင်းများကို ဗီစီဒီအဖြစ် ပြန်လည်ထုတ်ဝေနေကြောင်း၊ သတင်းအပြင် မှတ်တမ်းတင်(documentary) ထုတ်လုပ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း SYP စတင်တည်ထောင်စဉ် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ် မီဒီယာကဏ္ဍမှ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် စိုင်းဇွမ်မွမ်း က ပြောပါသည်။

“မီဒီယာပိုင်းမှာတော့ စေတနာ၊ ဝါသနာနဲ့ လုပ်တယ်။ ဘတ်ဂျတ်တော့ မရှိဘူး။ ကျနော်တို့က ပြည်သူ တွေ သိချင်တာချည်းဘဲ မလုပ်ဘူး။ ပြည်သူတွေ သိသင့်သိထိုက်တာကို ကြိုးစားလုပ်တယ်။ အမှောင် ခွင်းထဲက ဖယောင်းတိုင်ငယ်လိုဘဲ။ ပြည်သူတွေ အသိပညာရသွားရင် ဝမ်းသာတယ်။”
SYPs_10th_AnniversarySYP ဖွဲ့စည်းထူထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနား (Photo: SHAN)

Shan Youth Power (SYP) ဖွဲ့စည်းထူထောင်ခြင်း ၁၀ နှစ်ပြည့်သည့် ၂၀၁၂ ဩဂတ် ၈ ရက်နေ့က ချင်းမိုင်မြို့ တစ်နေရာတွင် အခမ်းအနားတရပ် ပြုလုပ်ကျင်းပခဲ့ပါသည်။

လူငယ်လူရွယ်များ မိမိတို့၏ အစွမ်းအစ အရည်အချင်းကို မြှင့်တင်ပြီး အနာဂတ် ခေါင်ဆောင်ကောင်း ဖြစ်လာရန် ကြိုးစားကြပါဟု SYP အဖွဲ့သားများက ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates