အကျင့်ပျက်ဝန်ထမ်း ထိန်းကျောင်းသင့်ပြီ
သို့ - သျှမ်းသံတော်ဆင့်အယ်ဒီတာရှင့်
သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် မြေစာရင်းဦးစီးဌာနမှူး သည် နိုင်ငံတော်မှ အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ မဘိမ်းမြို့နယ်အတွင်း ရွှေလုပ်ငန်းလုပ်ကိုင် စားသောက်သူများထံမှ လာဘ်ယူ တာဝန်မဲ့လုပ်ကိုင်နေမှုများကြောင့် အစိုးရသိက္ခာ၊ နိုင်ငံတော်သိက္ခာကို ထိပါးစေသည်သာမက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော နိုင်ငံတော်၏ တိုးတက်မှုကိုပါ အနှောက်အယှက်ဖြစ်စေသည့်နှောင်ကြိုး သဖွယ် ဖြစ်နေကြောင်း သိရှိရသည်။
ဦးစီးဌာနမှူး သည် သတ္တုတွင်းဝန်ကြီးဌာနသို့ ရွှေတူးဖော်ထုတ်လုပ်ခွင့် လျှောက်ထား နိုင်ရေးအတွက် မြေစာရင်းပုံစံ (၁၀၅) ရေးကူးခွင့် တင်ပြလာသော ကုမ္ပဏီများအပေါ် လုပ်ပိုင်ခွင့်ကို လိုရင်လိုသလို အသုံးချ၍ “ငါလုပ်ပေးမှရဒါ၊ ငါမလုပ်ပေးရင် ဘာတတ်နိုင်မှာတုံး၊ ငါလိုလားတဲ့သူကို ဦးစားပေးမယ်ဆိုတဲ့သဘောနဲ့” ၀န်ထမ်းကျင့်ဝတ် ကတိသစ္စာကို ဖောက်ဖျက်၊ လာဘ်လာဘကို ထိပ်တန်းတင်၊ လုပ်ကွက်ထပ်မထပ် မစဉ်းစား၊ နောက်မှလိုက်၍ လျှောက်ထားသူအား မစီမစစ် ထောက်ခံမှုကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်ကြ သောကုမ္ပဏီ အချင်းချင်း မပြေမလည် မကျေမနပ်မှုများ ဖြစ်ပေါ်ရသည့်အပြင် ပြည်နယ်အစိုးရ အဖွဲ့နှင့် မိမိအထက် ဦးစီးဌာနတို့မှ ခွင့်ပြုပြီးဖြစ်သော ကုမ္ပဏီအား အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲ၍ မြေပုံ (၁၀၅) ရေးဆွဲပေးခြင်းမပြုဘဲ လျှောက်ထားရာမှာလည်းနောက်ကျ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ခွင့်ပြုချက်လည်း (၁) လကျော်ကြာ နောက်ကျခဲ့သည့် ကုမ္ပဏီကို လုပ်ကွက်ဆက်စပ်လျက်ရှိသော အခြားကုမ္ပဏီမှ တာဝန်ရှိသူ များအား ညှိနှိုင်းအသိပေးခြင်း မပြုဘဲ မိမိလိုရာဆွဲယူ၍ မြေပုံ (၁၀၅) ရေးကူးပေးလိုက်ခြင်းသည် ပေါ်ပေါ် ထင်ထင် မမျှမတ ဘက်လိုက်လွန်းရာကျသဖြင့် ဌာနအပေါ် များစွာအကြည်ညိုပျက်စေလှပါသည်။
ဦးစီးဌာနမှူး၏ အထက်ဌာနအပေါ် မလေးမစား၊ လာဘ်လာဘမျက်နှာကြည့် ဘက်လိုက်ဆောင်ရွက်မှု များကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်သူများသာမက အခြေအနေမှန်သိရှိသော မြို့နယ်အတွင်း ဘေးဌာနများကပါ မြေစာရင်းဌာနအပေါ် ငြိုငြင်ပြစ်တင်ကဲရဲ့ ပြောဆိုမှုများရှိလာ၍ မဘိမ်းမြို့နယ်မြေစာရင်းဦးစီးဌာနမှ လက်အောက်ဝန်ထမ်းအများစုသည် ရှက်လည်းရှက်၊ စိတ်လည်းပျက်လျက် ဦးစီးဌာနမှူးအပေါ် မလိုလားကြ ကြောင်း သိရှိရသည်။
မြို့နယ်တာဝန်ခံအရာရှိတစ်ဦး၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသောလုပ်ရပ်ကြောင့် လက်အောက်ဝန်ထမ်း အများစု အရှက်ရစိတ်ပျက်၊ မညီမညွတ်ဖြစ်နေရခြင်းမှ ပြန်လည်တည့်မတ်စေရန်နှင့် ဌာနသိက္ခာ ဆက်လက်မကျဆင်းစေရန်အတွက် အထက်တာဝန်ရှိ လူကြီးများမှ အမြန်ဖြေရှင်းပေးပြီး နိုင်ငံတော်၌ လာဘ်ပေးလာဘ်ယူပပျောက်ရေး ဆောင်ရွက်နေချိန်တွင် အတ္တလွန်ကဲ၊ လာဘ်လာဘမက်မောသည့် အကျင့်ပျက်ဝန်ထမ်းအား ထိန်းကျောင်းသင့်ပြီဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲများ သိရှိရန် တင်ပြလိုက် ရပါသည်။
Tags: Letter to Editor