ပိုလန်၌လေ့လာရေး လူငယ်များ ရင်တွင်းစကားတင်ပြခွင့်မရ



ပိုလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှဖိတ်ခေါ်ပို့ချသော နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းသင်တန်း မှရလာသော ပညာကို မိမိပြည်နယ်အတွက် လွတ်လပ်စွာအသုံးပြုခွင့်ရှိရန်လိုအပ်ကြောင်း၊ လေ့လာရေးခရီးမှ ဗဟုသုတများရ ခဲ့သည်မှာ မှန်သော်လည်း မိမိရင်တွင်းစကားများ တင်ပြဆွေးနွေးခွင့်မရခဲ့ကြောင်းပြောသည်။

senseပိုလန်နိုင်ငံကပေးသော နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းသင်တန်း ( ဓါတ်ပုံ- SHsM.lso)

“ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လူထုစီမံခန့်ခွဲမှုအမျိုးသားကျောင်း(National School for Public Administration) မှ ကမကထပြုပေးတဲ့သင်တန်း ကျနော်တို့အတွက် အသိပညာတွေ အများကြီးရရှိပါတယ်။ တော်တော်လေး အကျိုးရှိပါတယ်။ နောက်ပြီးဆီးနိတ်လွှတ်တော် ဥက္ကဌ Bogdan Borusewicz ကိုလည်းတွေ့ဆုံခွင့်ရခဲ့ပါတယ်။ သို့ပေမယ့် ကျနော်တို့ တိုင်းရင်းသားတွေ တင်ပြချင်တာတင်ပြခွင့်မရခဲ့ဘူး။ အချိန်တအားနည်းနေတာလည်းပါပါတယ်။ ကျနော်တို့ တိုင်းရင်းသား တွေအတွက် ဆုံးရှုံးမှုတခုဖြစ်ပါတယ်။ ပိုလန်အနေနဲ့လည်းကျနော်တို့ဆီက ဖြစ်ပျက်နေတဲ့အခြေအနေမှန်တွေ ကို မသိလိုက်ရဘူးပေါ့။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ရလာတဲ့ပညာကို လွတ်လပ်စွာအသုံးပြုခွင့်ရှိမယ်ဆိုရင်တော့ ဒါမျှော်လင့်ချက်တခုတော့ ရှိပါတယ်” ဟု လိုက်ပါသည့် သျှမ်းလူငယ် သင်တန်းသား စိုင်းဆိုင်မိန်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ပိုလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ခေါ်မှုကြောင့် မြန်မာနိုင်ငံမှ လူငယ် အယောက် ၅၀ ခန့် သည် ဩဂတ်စ်လ ၃၁ ရက်မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ပိုလန်နိုင်ငံသို့ Strategic Economic Needs and Security Exercise Programme (SENSE) သင်တန်းကိုသွားရောက်လေ့လာ ဆည်းပူးခွင့်ရခဲ့သည်။

NLD၊ မင်္ဂလာမြန်မာ နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တိုက်ရိုက်ဆက်သွယ်လာသဖြင့် အဆိုပါအဖွဲ့ ၃ ဖွဲ့မှ လူ အယောက် 50 ခန့် ရွေးချယ်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ SNLD ဗဟိုဦးစီးအဖွဲ့ဝင် စိုင်းဆိုင်မိန်းက ဆက်လက်ပြောပြသည်။

“ NLD အဖွဲ့မှ ၂၅ ဦး၊ ဒေါက်တာဖုန်းဝင်းဦးဆောင်တဲ့ မင်္ဂလာမြန်မာအဖွဲ့မှ တိုင်းရင်းသား ၉ ယောက် ပို့တယ်။ အဲဒီအထဲမှာ SNLD က ၂ ယောက်နဲ့ SNDP က တယောက် ကျန်တာ တမျိုးတယောက်စီ။ ဒီ့အပြင် NLD အဖွဲ့ ထဲမှာလဲ တိုင်းရင်းသားနဲနဲပါတယ်။ ဆိုတော့ တိုင်းရင်းသား စုစုပေါင်း ၁၃ ယောက် တက်ရောက်ခွင့်ရခဲ့ပါတယ်။ အများစုက ၁၉၉၀ အနိုင်ရပါတီတွေကပါဘဲ။ နောက်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးကနေ ၇ ယောက်၊ လူမှုအဖွဲ့အစည်းက ၅ ဦး လွှတ်တယ်” ဟု ၎င်းကဆက်လက် ပြောပြသည်။

၎င်းတို့ သင်ယူလေ့လာခွင့်ရခဲ့သော Strategic Economic Needs and Security Exercise Programme (SENSE)အောက်မှအဓိကခေါင်းစဉ်များမှာ Negotiation skill, Value based management, Computer Simulation တို့ဖြစ်ပြီး ထိုအောက်မှ Domestic Sector, Government Sector, International Sector အစရှိသည့် နိုင်ငံတော်တည်ဆောက်ခြင်း (State Building) လုပ်ငန်းတို့ကို Computer Based ဖြင့် လက်တွေ့လေ့ကျင့် သင်ကြားခဲ့ရခြင်း ဖြစ်ကြောင်း သင်တန်းတက်ရောက်ခဲ့သူ SNLD ဗဟိုဦးစီးအဖွဲ့ဝင် စိုင်းဆိုင်မိန်းမှပြောကြားပါသည်။

ထို့နောက် ကွန်မြူနစ်ဝါဒမှ ဒီမိုကရေစီသို့ကူးပြောင်းရာတွင် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ Mr. Zbigniew Bujak က “တိုင်းပြည်ပြန်လည် ပြုပြင်ပြောင်းလဲရမယ်၊ နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုကို ထိန်းသိမ်းရမယ်လို့ ဘယ်လောက်ပဲပြောနေနေ အုပ်ချုပ်ရေးပိုင်းတွေမှာ၊ ဥပဒေပြုရေးတွေမှာ၊ တရားစီရင်ရေးနဲ့တရားရုံးတွေမှာ၊ လူထုစီမံခန့်ခွဲရေးတွေမှာ စစ်တပ်က လွမ်းမိုးနေမယ်ဆိုရင်ပြုပြင်ပြောင်းလဲဖို့တော်တော်ခက်လိမ့်မယ်” ဟု မြန်မာနိုင်ငံအတွက် သဘောထားမှတ်ချက်နှင့် အကြံပြုချက်ကိုပေးခဲ့ ကြောင်း စိုင်းဆိုင်မိန်းကပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates