စစ်တမ်းရလဒ် ၈၀% ကျော်က သျှမ်းအဖွဲ့အစည်းအားလုံးတစုတစည်းတည်းရှိစေချင်



သျှမ်းပါတီများ ပူးပေါင်းကြစေလိုကြောင်း၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များကိုလည်းပူးပေါင်း ကြ စေလိုကြောင်း လူထုဆန္ဒ သဘော ထားကောက်ခံရာ၌ သျှမ်းပြည်သားများက ဖြေကြား ခဲ့ကြသည်ဟု ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း Trust Building for Peace  ဆွေးနွေးပွဲမှ သိရှိရပါသည်။


“ကျနော်တို့မျှော်လင့်ထားတဲ့အတိုင်း အဖြေကကွက်တိထွက်လာတာ တော်တော်အံ့ဩစရာ ကောင်း ပါတယ်။ ဒီအတွက်ရလဒ် က စည်းလုံးညီညွတ်မှုအတွက် အုဋ်မြစ်ချနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်ဗျာ။ ပူးပေါင်းမှုကိုလိုလားတဲ့အကြောင်း စစ်တမ်းဆင်းကောက်တဲ့ကာလ ကတည်းက လူထုက ပြောကြတယ်။ နောက်တခု စစ်တမ်းထဲကအဖြေနဲ့ဆွေးနွေးပွဲတက် ရောက် သူတွေရဲ့အဖြေတွေက လုံးဝ တူနေတာတွေ့ရတယ် ” ဟု စစ်တမ်းကူညီကောက်ပေးသူ လူငယ်  တဦးက ပြောပါသည်။
alt                          Trust Building for Peace ဆွေးနွေးပွဲ(Photo: NVS facebook)

အဆိုပါစစ်တမ်းတွင် မေးခွန်း အချက် ၅၀ ပါဝင်ပါသည်။ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၉ မြို့နယ်ကိုစစ်တမ်း ကောက် ယူရာ ဖြေကြားသူပေါင်း ၂၅၅၀ ဦးရှိပြီး ထိုင်းနိုင်ငံ ချင်းမိုင်၊ ဘန်ကောက်မှ ၁၉ ဦး စုစုပေါင်း ဖြေဆိုသူ ၂၅၆၉ ဦးရှိပါသည်။

စစ်တမ်းတွင် (၁) နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ (၂) သျှမ်းလက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍ (၃)လူထုအခြေပြုအဖွဲ့ အစည်းများ၏အခန်းကဏ္ဍ (၄)မူးယစ်ဆေးဝါး (၅) သျှမ်းတိုင်းရင်းသားများဆက်လက်ရပ်တည်သွားနိုင်ရန် (၆) သယံဇာတ နှင့်သဘာဝပတ် ဝန်း ကျင် ဟူသည့်ခေါင်းစဉ်ကြီးများအောက်၌ မေးခွန်းပေါင်း ၅၀ ကိုမေးမြန်းထားခြင်းဖြစ်သည်။

ထိုအနက် လူထုစိတ်ဝင်စားမှုအရှိဆုံး မေးခွန်းများ၏အဖြေမှာ-(၁)ဖြစ်သင့်သည့်မြန်မာနိုင်ငံ၏ အနာဂတ်ဖွဲ့စည်းပုံသည် - တပြည်ထောင် ၉ %၊ ဖက်ဒရယ် ၈၇ %၊ မဖြေ ၄% ၊ (၂)သျှမ်းပါတီ သုံးခု ပြန်လည်ပူးပေါင်းရေးမပူးပေါင်းရေးအတွက် - ပူးပေါင်းသင့် ၉၇%၊ မပူးပေါင်းသင့် ၁%၊ မဖြေ ၂% ၊ (၃) သျှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး တဖွဲ့တည်းအဖြစ် ပူးပေါင်း ရန် သင့် မသင့် - ပူးပေါင်းသင့် ၈၈ % ၊ မပူးပေါင်းသင့် ၁% ၊ မဖြေ ၁၁%  ဟူ၍ဖြစ် ကြောင်း အဆိုပါလူငယ် က ဆက်လက်ပြောပြသည်။

ပြည်တွင်းပြည်ပသျှမ်းအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတို့ မှ “ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း” အမည်ရ တွေ့ဆုံ ဆွေးနွေးမှုမှာ မြန်မာပြည်တွင်း၌ ယခုပထမ ဆုံးအကြိမ် တရားဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။

“ဒီတကြိမ် အောင်မြင် သွားလို့ နောက်တဆင့်အနေနဲ့ ရှမ်းပြည်တဝှမ်းလုံးမှာ ရှိတဲ့တိုင်းရင်း သားအားလုံးပါဝင်လာတဲ့ အဆင့်ဖြစ်အောင်ဆက်လုပ်သွား ဖို့ရှိတယ်။ အဓိကကတော့ ပြည် တွင်းပဋိပက္ခတွေ လျော့ကျဖို့   အားလုံးဝိုင်း ဝန်း လက်တွဲကြိုးပမ်းဖို့လိုအပ်တယ်” SNLD ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးကပြောပါသည်။

အဆိုပါပွဲမျိုး များများရှိသင့်ကြောင်း၊ နောက်နောင်အကြိမ်များ ထပ်မံရှိပါကကူညီထောက်ခံ မှုပေး သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ကဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates