သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်နယ်တွင် ဓါးပြ သောင်းကျန်း
မြန်မာအစိုးရ စစ်ဗျူဟာရုံးစိုက်ရာ သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ဓါးပြများသောင်း ကျန်း နေသဖြင့် ကွတ်ခိုင်နယ်ခံများ ရပ်ရွာလုံခြုံရေးအတွက် ကိုယ်တိုင် ကင်း စောင့်နေရကြောင်း ၄င်း ဒေသခံ များအဆိုအရ သိရသည် ။
ယခုရက်ပိုင်း အဆိုပါဓါးပြအဖွဲ့မှ ကွတ်ခိုင်မြို့နှင့် ၉ မိုင်ခန့်အကွာရှိ ဟိုကျန့်ရွာသား ဆိုင်ကယ်ကယ်ရီသမား တရုတ်လူမျိုး တစ်ဦးကို သတ်ဖြတ်ကာ ဆိုင်ကယ်လုယူသွားခဲ့ကြောင်း ဟိုကျန့်ရွာသားတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။
“ဒီဓါးပြအဖွဲ့က ဗမာလူမျိုးအယောက် ၂၀ လောက်ပါတဲ့ အဖွဲ့လို့ ပြောနေကြတယ်။ ဒီရက်ပိုင်း ဟိုကျန့်ရွာလမ်းခွဲမှာ ဘယ်ကျော် ဆရာမ လို့ခေါ်တဲ့ အမက ၂ ကျောင်းအုပ်ဆရာမကြီးရဲ့အမျိုးသား ဆိုင်ကယ်ကယ်ရီသမား အသတ်ခံလိုက်ရတယ်။ ဆိုင်ကယ်လည်းယူသွားတယ် ” ဟု သူက ဆိုသည် ။
ဟိုကျန့် ၊ ကာလျှင်ရွာများအနီး ဆိုင်ကယ်ရိုက်လုမှု ဆွဲကြိုးဖြတ်မှုများလည်း မကြာခဏ ဖြစ်ပေါ်နေရာ ဒေသခံများ ကိုယ် တိုင် ရပ်ရွာလုံခြုံရေး ကင်းစောင့်နေရကြောင်း သူက ဆက်ပြောသည် ။
“အခုဆို မိုးချုပ်တာနဲ့ ရွာအပြင်မထွက်ရဲတော့ဘူး ။ ကလေးတွေကျောင်းသွားတာကအစ လူကြီးတွေ ကိုယ်တိုင် လိုက်ပို့ရ တယ် ။ ဆွဲကြိုးရရင် ဆွဲကြိုးဖြတ်လုတယ် ။ ဆိုင်ကယ်တွေ့ရင် ရိုက်လုတယ် ။ ညပိုင်းဆို အလှည့်ကျ ကင်းစောင့်ကြရတယ် ”ဟု သူက ဆိုသည် ။
၎င်းဒေသတွင်း ဓါးပြများသောင်းကျန်းနေသော်လည်း အာဏာပိုင်များက ဖမ်းဆီးအရေးယူခြင်း မရှိသေး ကြောင်းနှင့် ယခင်ကလည်း ကွတ်ခိုင်ဒေသတွင် ကားသမားများကို သတ်ဖြတ်ကာ ကားလုယူမှုများ ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ က ဆိုသည် ။
Tags: Crime, News