ဆရာဝန်များ ထပ်မံပို့ပေးစေလို



သို့ - သမ္မတ ဦးသိန်းစိန်  ခင်ဗျား

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းဒေသ ဟိုပန်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နီးစပ်လျှက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် လူဦးရေတိုးပွားလာပါတယ်။


တပ်မတော် အစိုးရလက်ထက် နိုင်ငံတော်အာဏာ လွှဲမပြောင်းခင်က ဟိုပန်မြို့ ပြည်သူ့ဆေးရုံကြီးအား အသစ်တည်ဆောက် ပေးခဲ့ပါတယ်။ ယခုအခါ အဆိုပါ ဆေးရုံကြီးသည် ခမ်းနားထည်ဝါလျက်ရှိပါတယ်။ တောင်ပေါ် ဒေသ တိုင်းရင်းသားများ၊ ကွမ်းလုံမြို့နယ်မှ ပြည်သူများ၊ ဟိုပန်မြို့နေ ပြည်သူများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းနေထိုင်သော သျှမ်းမျိုးနွယ်စုများ အများအပြား လာရောက် ဆေးဝါးကုသ လျက်ရှိသည့် ဆေးရုံကြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းဆေးရုံကြီး၌ ဆရာဝန် တစ်ဦးတည်းရှိပြီး နေ့မအား ညမနားဖြင့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဟိုပန်မြို့နေ ပြည်သူများသာမက ရဟန်းသံဃာများပါ အဆိုပါ ဆရာဝန်အား ချစ်ခင်ရိုသေလေးစားလျက်ရှိပြီး ၎င်းပြောင်းရွှေ့သွားမှာကိုလည်း စိုးရိမ်လျက် ရှိပါတယ်။

ဟိုပန်မြို့သည် ဆေးရုံကြီးသာရှိပြီး ဆရာဝန်နှင့် ဆေးရုံသုံး ပစ္စည်းကိရိယာ လုံလောက်မှုမရှိပါ။ ခွဲစိတ် တာလည်း ဒီဆရာဝန်၊ မေ့ဆေးပေးတာလည်း ဒီဆရာဝန်၊ ကလေးခွဲမွေးတာလည်း ဒီဆရာဝန်၊ အရိုး အကြောလည်း ဒီဆရာဝန်၊ ရိုးရိုးဖျားနာတာလည်း ဒီဆရာဝန်ပဲ ဖြစ်တဲ့အတွက်ကြောင့် ပင်ပင်ပန်းပန်း၊ မညီးမညူဖြင့် လူနာများအား ဆေးဝါးကုသပေးခဲ့ပါတယ်။

သို့ဖြစ်ပါ၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ကျန်းမာရေးဝန်ကြီး တို့ခင်ဗျား ။ ဟိုပန်မြို့ ပြည်သူ့ ဆေးရုံကြီးအတွက် ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ OG ဆရာဝန်၊ အရိုးအကြော ဆရာဝန်များ ထပ်မံပို့ပေးစေလိုကြောင်း ရဟန်းသံဃာများနှင့် တိုင်းရင်းသားလူမျိုး ဘာသာပေါင်းစုံတို့မှ တောင်းဆိုအပ်ပါ တယ်။

စိုင်းစွမ်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates