သျှမ်း(မြောက်)တိုက်ပွဲဧရိယာ၌ မြန်မာစစ်သားများ နေ့စဉ်ရက်ဆက် တပ်ပြေးနေ



ယခုနှစ်ဆန်းမှစ၍ သျှမ်းပြည်မြောက်ပိုင်း၌ SSPP/SSA နှင့်တိုက်ပွဲများဖြစ်ပွါးခဲ့သည့်နောက်ပိုင်း ထိုးစစ်ဆင်နေသည့် မြန်မာစစ်တပ်မှ တပ်သားများ ဆက်တိုက်တပ်ပြေးနေကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

child soldiers Rgnမိဘများနှင့်အတူ တွေ့ရသော မြန်မာ့တပ်မတော်မှကလေးစစ်သား (Photo: Uzo)

“သျှမ်းတပ်ဖွဲ့ကို ထိုးစစ်ဆင်နေတဲ့ မိုင်းရယ်၊ တန့်ယန်း၊ မိုင်းရှူး၊ ကျေးသီးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တပ်တွေပေါ့။ ၂ ရက် ၃ ရက်တခါ ထွက်ပြေးနေကြတယ်။ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဆီ ခိုလှုံကြတယ်။ တခါ ရောက်လာရင် ၂ ယောက် ၃ ယောက် အနည်းဆုံးဘဲ။ ကလေးစစ်သားတွေ။ အသက် ၁၆ နှစ် နဲ့ ၂၀ နှစ် ကြားပေါ့” - ဟု ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးကပြောသည်။

အဆိုပါတပ်ပြေးများအား ယခု ၂ လ (ဖေဖော်ဝါရီ - မတ်ခ်ျ) အတွင်း တော်တော်များများ လက်ခံထား ရှိရပြီး ၎င်းတို့သည် မြန်မာနိုင်ငံအလယ်ပိုင်း ရထားလမ်း ကားလမ်းဘေး ဘူတာ ကားဂိတ်တို့မှ ဖမ်းဆီးခံရကာ ငယ်ရွယ်စဉ်ကတည်းက တပ်သွင်းစစ်ရေးလေ့ကျင့် စစ်မှုထမ်းခိုင်းကြောင်း၊ ထိုးစစ်ဆင်ရပါက မြန်မာစစ်တပ်ဘက်မှ အကျအဆုံးများ သောကြောင့် သေရမည်ကိုကြောက်ရွံ့ခြင်း၊ တပ်တွင်းကြီးနိုင်ငယ်ညှင်းပြုခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ ရိက္ခမလုံလောက်ခြင်း၊ မိသားစုထံ ပြန်ရန် ခွင့်မရခြင်း စသည်တို့ကြောင့်ထွက်ပြေးရခြင်းဖြစ်သည်ဟု ဆိုပါသည်။

ထို့ကြောင့် မိမိတို့အား မြန်မာစစ်တပ်ထံ ပြန်မအပ်ပါရန်နှင့် လွတ်လပ်ဘေးကင်းသည့်နေရာ ပို့ဆောင်ပေးပါရန် ၎င်းတို့မှ မေတ္တာရပ်ခံထားကြောင်း၊ လူသားခြင်းစာနာထောက် ထားရမည့် ကိစ္စလည်းဖြစ်သောကြောင့် ၎င်းတို့ဆန္ဒအတိုင်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲတဦးက ပြောပါသည်။

“ သူတို့ အရွယ်မရောက်သေးတာတကြောင်း၊ လူသားချင်းစာနာထောက်ထားတာတကြောင်း သူတို့စစ်မှုမထမ်း ချင်တော့ ဘူးဆိုလို့ သူတို့တောင်းဆိုတဲ့အတိုင်း ဘေးကင်းတဲ့နေရာကို ကျနော်တို့ပို့ပေးဖို့အစီအစဉ်ရှိပါတယ်။ မြန်မာစစ်တပ်ဆီ သို့မဟုတ် အုပ်ချုပ်ရေးအာဏာပိုင်တွေဆီ ပြန်အပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ဆီရောက်နေတဲ့တပ်ပြေး ၁၀ ဂဏန်း ချီပါပြီ” ဟု ဆိုပါသည်။

လက်နက်မပါဘဲ ထွက်ပြေးပါကထောင်ဒဏ် ၊ လက်နက်ယူဆောင်ထွက်ပြေးပါက ထောင်ဒဏ်တသက်တကျွန်း သို့မဟုတ် သေဒဏ်အထိ ပေးနိုင်ကြောင်း၊ ယခုမြန်မာစစ်တပ်၏ ပေါ်လစီမှာ နအဖအစိုးရခေတ်က   စစ်သည် ၄ သိန်းပြည့်ရေးမှာ အဓိက ဖြစ်နေကြောင်း မြန်မာ့တပ်မတော်မှအရာရှိတဦးကပြောကြောင်းနီးစပ်သည့် ဒေသအကြီးအကဲတဦးက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း အစိုးရတပ်ဖွဲ့ တပ်သားများထွက်ပြေးသွားသည့် ဒေသအတွင်းတွင် သျှမ်းလူထုပြည်သူ့စစ်တပ်ဖွဲ့၊ လားဟူပြည်သူ့စစ်တပ်ဖွဲ့၊ အသွင်ပြောင်း စိန်ကျော့၊ မိန်းခေး၊ လွယ်ဖါ ဌာနေပြည်သူ့စစ်အဖွဲ့များအပြင် အစိုးရနှင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် အစရှိသည့်လက်နက်ကိုင်အဖွဲ့အစည်းများ ရှိပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates