တရုတ်တောင်းဆိုချက်ကြောင့် စိုင်းအောင်မြတ်အား မြန်မာအစိုးရရုံးတင်စစ်ဆေးမည်



တရုတ်နိုင်ငံ၌ နိုင်ငံတော်သက်သေအဖြစ်စစ်ဆေးပြီးနောက် ယခုလအတွင်းပြည်တော်ပြန်ပို့ခံရသော သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်သား စိုင်းအောင်မြတ်အား တရုတ်အစိုးရတောင်းဆိုမှုအတိုင်း တရားစွဲဆိုရန် မနက်ဖြန်ရုံးတင်စစ်ဆေး မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

“သူ့ကိုကျိုင်းတုံမှာဘဲထားနေတုန်းဘဲ။ မတ်ခ်ျလ ၂၉ ရက် နက်ဖြန်ရုံးတင်စစ်ဆေးမယ်။ သူ့အမနဲ့သူ့မိန်းမသွားနားထောင် ကြမယ်။ အမှန်ကတော့ တရုတ်ဩဇာကြောင့်သာ သူ့ကို အချုပ်ခန်းပို့ထားတယ်၊ ရုံးတင်စစ်ဆေးမယ်လုပ်နေကြတာ။ နေ ပြည်တော်က အရာရှိတွေကဆိုရင် ‘လက်နက်ချတဲ့လူကို တရားစွဲလို့မရဘူး’ လို့ပြောကြတယ်” ဟု စိုင်းအောင်မြတ်နှင့် အမျိုးတော်စပ်သူတဦးကပြောသည်။

စိုင်းအောင်မြတ်အား အမှန်တကယ် ရုံးတင်စစ်ဆေးမည်ဆိုပါက တရုတ်နိုင်ငံသည် မြန်မာအစိုးရအပေါ် ချုပ်ကိုင်နိုင်မည့် အကြောင်းတခုခုရှိနိုင်ကြောင်း၊ KIO နှင့် အစိုးရတို့ ရွှေလီ၌ ဆွေးနွေးစဉ်ကလည်း ဆွေးနွေးပွဲအပေါ်တရုတ်အစိုးရက ခြယ်လှယ်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအတွက်လှုပ်ရှားနေသည့်ပုဂ္ဂိုလ်တဦးက သုံးသပ်ပြောဆိုသည်။

စိုင်းအောင်မြတ်အား ယခုလ ၁၇ ရက်နေ့ ကျိုင်းတုံသို့ပြန်လည်ပို့ဆောင်ပြီးနောက်ပိုင်း တရုတ်အစိုးရက အမှုတခုခုဖြင့် ရုံးတင်စစ်ဆေး၍ ပြစ်ဒဏ်ပေးရန် မြန်မာအာဏာပိုင်များထံတောင်းဆိုလာကြောင်း၊ ထို့ကြောင့် ထိုနေ့ညနေပိုင်း ၎င်းအား ကျိုင်းတုံအကျဉ်းထောင် အထူးခန်း၌ ပြန်လည်ထိန်းသိမ်းထားကြောင်း၊ လုံခြုံရေးအရ ၎င်း၏ မိသားစုအပါအဝင် ၎င်းအား ရန်ကုန် သို့မဟုတ် နေပြည်တော်သို့ပို့ဆောင်မည်ဟု ကျိုင်းတုံရှိ မြန်မာအာဏာပိုင်များပြောဆိုသော်လည်း ယနေ့တိုင် ကျိုင်းတုံအကျဉ်းစခန်း၌ပင်ရှိနေသေးကြောင်း အမျိုးဖြစ်သူတဦးကပြောသည်။

စိုင်းနော်ခမ်း၏လက်ထောက်ဖြစ်သော စိုင်းအောင်မြတ်သည် စိုင်းနော်ခမ်းအဖမ်းမခံရမီ ၁၀ ရက်အလို တာချီလိတ်ရှိ မြန်မာအစိုးရထံ နောက်လိုက်၂၅ ဦးဖြင့် လက်နက်ချခဲ့သည်။

“ စိုင်းနော်ခမ်းအသတ်ခံရမယ့် ရက်တွေတုန်းက စိုင်းအောင်မြတ်ကို အကျဉ်းထဲမှာ ဆလိုက်မီးကြီးနဲ့နေ့ရောညပါထိုးထား တယ်။ နေ့လားညလား တောင် မသိရဘူး။ မနက်မိုးလင်းပြီလို့ခန့်မှန်းရတဲ့ အချိန်မှာ ဆိုရင် ပေါက်စီ ၃ လုံးလာပေးတယ်။ မနက်စာတလုံး နေ့လည်စာတလုံး ညစာတလုံး စားရတယ်။ ရေဆာရင် တစွန်းဘဲတိုက်တယ်။ ရိုက်တာနှက်တာတော့မရ ပါဘူး- လို့ သူကပြန်လာပြောပြတယ်” ဟု စိုင်းအောင်မြတ်အား ကျိုင်းတုံ၌ သွားတွေ့ခွင့်ရခဲ့သော အမျိုးတော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အားပြန်လည်ပြောပြသည်။

မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား လှေသမား ၁၃ ဦး အသတ်ခံရသည့်အမှု၌ ညွှန်ကြားသူအဖြစ်စွပ်စွဲခံရသော စိုင်းနော် ခမ်းအား  အမှုစစ်ဆေးရာ၌ နိုင်ငံတော်သက်သေအဖြစ်ထွက်ဆိုပေးရန် စိုင်းအောင်မြတ်ကို ယမန်နှစ် ဩဂတ်စ်၌  တရုတ် အစိုးရထံသို့  မြန်မာအစိုးရမှလွှဲပြောင်းပေးခဲ့သည်။ လူသတ်မှု၌ စိုင်းနော်ခမ်း ကိုယ်တိုင် အမိန့်ပေးကြောင်း လက်ထောက် ဖြစ်သူ စိုင်းအောင်မြတ်က ဝန်ခံထွက်ဆိုခဲ့သည်ဟု တရုတ်မီဒီယာများက ပြောသော်လည်း ၎င်းဘာမှမသိရကြောင်း၊ ကျိုင်းတုံ၌ပြောသည့်အတိုင်း တရုတ်တရားရုံး၌ ထွက်ဆိုခဲ့သည်ဟု မိသားစုဝင်နှင့် မိတ်ဆွေများက ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates