မြန်မာ့ငြိမ်းချမ်းရေးအကြောင်း ဘန်ကောက်မြို့၌ BNI သတင်းစာရှင်းလင်းပွဲလုပ်



မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပုံဖေါ်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၄  စာအုပ်အား နိုင်ငံတကာ မြန်မာသတင်း BNI မှ မိတ်ဆက် သတင်းစာရှင်းလင်းပွဲတရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား စာနယ်ဇင်းကလပ် FCCT တွင် ယနေ့ နံနက်ပိုင်း၌ ကျင်းပခဲ့ပါသည်။

 မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
ကိုပုံဖေါ်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၄  


မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိုပုံဖေါ်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၄ (Deciphering Myanmar’s Peace Process A Reference Guide 2014) အစီရင်ခံစာ စာအုပ်တွင် မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်နှင့်အခြေအနေ၊ အားနည်းချက် အားသာ ချက်များပါဝင်ပြီး စာမျက်နှာ ၂၁၁  မျက်နှာပါရှိပါသည်။ အဆိုပါအစီရင်ခံစာနှင့်ပတ်သက်၍ ချင်းမိုင်အခြေစိုက် ပြည်ထောင်စုအင်စတီကျု  ဒါရိုက်တာ ဦးခွန်းဆေ၊ ဘီအဲန်အိုင်၏ မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ စိုင်းလိတ်၊ ကရင်သတင်းစဉ် အယ်ဒီတာချုပ် နန်းဖေါ့ကေ တို့မှ ရှင်းပြခဲ့ပါသည်။


“ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ စုဆောင်းထားတဲ့အချက်အလက် အများတကာဖတ်နိုင်အောင် ထုတ်ဝေရခြင်းဖြစ် တယ်ဆိုတဲ့သတင်းစာရှင်းလင်းပွဲပါ။ လောလောဆယ်တော့ အင်္ဂလိပ်လိုဘဲအရင်လုပ်ပါတယ်။ မြန်မာလိုတော့ လုပ်နေတုန်း မပြီးသေးဘူး။ သံရုံးကပုဂ္ဂိုလ်တွေ၊ ဂျာနယ်လစ်တွေ ၊ အင်္ဂလိပ်ဘာသာ ထုတ် ဂျာနယ်တွေနဲ့ စိတ် ဝင်စားကြတဲ့ တသီးပုဂ္ဂလ တွေ၊ နိုင်ငံတကာ အန်ဂျီအို လူအင်အား ၃၀ နဲ့ ၄၀ ကြား တပ်ရောက်နားထောင် မေး မြန်းကြပါတယ်” ဟု ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့တာဝန်ခံ စိုင်းလိတ်ကပြောသည်။


အစိုးရသည် တိုင်းရင်းသားများနှင့်တဖက်က အပစ်ရပ်ရေးလုပ်နေသော်လည်း တဖက်ကထိုးစစ်ဆင်နေခြင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ကိုယ်စာလှယ်ရုံးများအား ဝင်ရောက်စစ်ဆေးခြင်း၊ ခြိမ်းခြောက်မှုပြု နေခြင်းမှာ  ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် တပြည်လုံး အပစ်ရပ်ရေးဆွေးနွေးမှုကို အဟန့်အတား ဖြစ်စေခဲ့သည်ဟု စိုင်းလိတ်က ဆိုပါသည်။


“ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရေးလက်မှတ်ထိုးနိုင်ဖို့ ဆွေးနွေးတဲ့အဆင့်ဘဲရှိနေပါသေးတယ်အခု။ အဲတာပြီးမှ နိုင်ငံရေးမူဘောင် အတူတူဆွေးနွေးရေးဆွဲမယ်။ ပြီးမှနိုင်ငံရေးစကားပြောမယ်ဆိုတော့ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားနဲ့ သုံးသပ်ရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက်ခရီးက တော်တော်လေးကို နှောင့်နှေးစေပါ တယ်။ တိုက်ပွဲတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှုတွေလျော့နည်းစေပါတယ်။ ဒါကြောင့်
ငြိမ်းချမ်းရေးစကားပြောနိုင်အောင် တိုက်ပွဲတွေလျှော့ချရမှာဖြစ်ပါတယ်”


တိုင်းရင်းသားသတင်းဌာန အများစု ပါဝင်ဖွဲ့စည်းထားသော နိုင်ငံတကာ မြန်မာသတင်း BNI ၏ ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့မှ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပုံဖော်ခြင်းလမ်းညွှန်အကိုးအကား ၂၀၁၃ ၊ မြန်မာ့ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများ ဆိုင်ရာ မြန်မာ့စီးပွါးရေးအခြေအနေ၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပုံ ဖော်ခြင်းလမ်း ညွှန်အကိုးအကား ၂၀၁၄ အစရှိစာအုပ်များထုတ်ဝေခဲ့ပါသည်။

ဘီအဲန်အိုင် အကြောင်း သိရှိလိုပါက - http://burmese.bnionline.net/index.php/bni-.html




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates