တပြည်လုံး အပစ်ရပ်ရေး အမြန်ဆုံး ဖြစ်ပေါ်စေလို - RCSS နှစ်ပတ်လည် အစည်း အဝေးတွင် ဥက္ကဌ ကြီးပြော
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဥက္ကဌ ဒုတိယဗိုလ် ချုပ်ကြီး ယွက်စစ်က တပြည်လုံးအပစ်အခတ်ရပ်စဲရေးလျင်မြန်စွာဖြစ်ပေါ်ရေး ဝိုင်းဝန်းပါဝင် ဆောင်ရွက် ကြရန် တိုက်တွန်းပြောဆို လိုက်ပါသည်။
RCSS/SSA ၏ ၁၅ ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကို ဂျန္နဝါရီလ ၁၂ ရက်မှ ၁၄ ရက်နေ့ အထိ ဌာနချုပ်လွယ်တိုင်းလျန်းတွင်ကျင်းပရာ အစည်းအဝေးအပိတ်မိန့်ခွန်း၌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ အပြည်လုံး အပစ်ရပ်ရေးအချိန်ဆွဲနေရင်ငြိမ်းချမ်းရေးကိုထိခိုက်စေနိုင်တယ်။ ဒါကြောင့် အားလုံးက ပါဝင်ဖို့ ဥက္ကဌကြီးက တိုက်တွန်းတယ် ” ဟု အစည်းအဝေးတက်ရောက်သူ တဦးကပြောသည်။
၂၀၁၄ ခုနှစ်အတွင်း RCSS/SSA နှင့် မြန်မာအစိုးရစစ်တပ်တိုက် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၁ ကြိမ် ဖြစ်ပွါးခဲ့ပြီး အစိုးရတပ်မတော်ဘက်မှ ၄၇ ကျ ၃၀ ဒဏ်ရာရကာ သျှမ်းပြည်တပ်မတော် ဘက်မှ ၅ ဦးက ၃ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ပွဲများ လျော့ကျသွားသည်ဟုဆိုသော်လည်း အစိုးရ တပ်မတော်က အပစ်ရပ်သဘော တူညီချက်ကိုအခွင့်ကောင်းယူကာ တတောင်တက်တတောင်ဆင်း တိုက်ကင်းလှည့်လည်နေသည့်အတွက် လမ်းပြ ပေါ်တာပင် မလိုတော့ကြောင်း ဆိုပါသည်။
“ မြန်မာစစ်တပ်က တောတောင်လျှိုမြောင်တိုင်းကို တောနင်းလှည့်လည်တယ်။ တဖက်ကလည်း တပ်စခန်း တွေတိုးချဲ့တယ်။ လက်နက်ခဲယမ်းတွေ အဆက်မပြတ် ပို့နေ တာ ကိုကြည့်ရင် အခြေအနေက ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ ဒါကြောင့် အပစ်ရပ် ရေး အမြန်ဆုံး ဖြစ်စေချင်တာ” ဟု ပြောဆိုတင်ပြကြောင်း ဆိုပါ သည်။
အစည်းအဝေးတွင် အခန်း ၁၃ ခန်းပါဝင် သည့် RCSS/SSA ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအသစ်ကို လည်း အတည်ပြုခဲ့ကြသည်။ အပစ်ရပ်ရေးသဘောတူညီချက် ၃၁ ချက် ကိုဆက် လက် စွဲကိုင်ကျင့်သုံးသွား ရန် လည်းဆွေးနွေးသဘောတူခဲ့ကြသည်ဟု ဆိုပါသည်။
အစည်းအဝေးအပြီး အချက် ၉ ချက်ပါရှိသော ကြေငြာချက်တစောင်ကို ဂျန္နဝါရီလ ၁၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ရာ- သျှမ်းပြည်တွင်း သယံဇာတ မပျက်စီးအောင် RCSS/SSA မှ ကာကွယ်စောင့်ရှောက်သွားမည်။ သျှမ်းပြည်အတွင်း လာရောက် ရင်းနှီးမြုပ်နှံသော စီးပွားရေးလုပ်ငန်းရှင်များ ကုမ္ပဏီများနှင့် လောပန်းသူဌေး များထံမှ RCSS/SSA က ကူညီထောက်ပံ့မှု ရယူသွားမည် - အစရှိအချက်များလည်းပါဝင်ပါသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ၃ ရက်တာကာလ ၁၅ ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေး သို့ အတိုင်ပင်ခံ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ဌာနဦးစီးမှူးများ တပ်ရင်းမှူးများနှင့် တာ ဝန်ရှိပုဂ္ဂိုလ်များ ၂၇၂ ဦး တက်ရောက်ခဲ့ပါသည်။
Tags: News, War


