RCSS/SSA ဌာနချုပ် ဆုံးဖြတ်ချက် အတိုင်းသာ လုပ်ဆောင်မည်ဟု ကျောက်မီးသွေး ကုမ္ပဏီပြော
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ ဒေသခံလူထု ဆန့်ကျင်သည့် ကျောက်မီးသွေးတူးဖော် ရေးစီမံကိန်း အကောင်အထည်ဖေါ်နိုင်ခြင်းမရှိသေးသည်ဖြစ်ရာ ရှေ့ဆက်တွင် RCSS/SSA ဌာနချုပ်အဆုံးအဖြတ် အတိုင်း သာ လုပ်ဆောင်သွားမည်ဟု လူထုတွေ့ဆုံပွဲတွင် ကုမ္ပဏီ ပိုင်ရှင် နန်းယိင်းခမ်း ကပြောသည်။
![]() |
| ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းပြဿနာ RCSS/SSA ၊ ကုမ္ပဏီ နှင့် မိုင်းကိုင်လူထုတွေ့ဆုံပွဲ |
ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း ပြသနာဖြေရှင်းပေးနိုင်ရေးအတွက် သျှမ်းပြည်တပ်မတော် RCSS/SSA တာဝန်ခံ ဗိုလ်မှူး စိုင်းစံ၊ ဗိုလ်မှူးဆောစိန် ဖိတ်ခေါ်ချက်အရ ဂျန္နဝါရီ ၁၃ ရက် နံနက် ပိုင်းက မိုင်းကိုင်မြို့အရှေ့ ဘက် ဆမ်ပွန်းရွာ ဘုန်းကျောင်း၌ လူထုကိုယ်စားလှယ် မိုင်းကိုင်မြို့နယ် ထောက်ကူပြု ကော်မတီ ဥက္ကဌ စိုင်းလုံ ၊ ကုမ္ပဏီပိုင်ရှင် နန်းယိင်းခမ်းတို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ဒေသခံဘက်က လုံးဝ ကန့်ကွက်သည်။ မည်သူမဆို တူးဖေါ်ခွင့် လုံးဝ မပေး ၊ ယခုလည်း ကန့် ကွက်သည်။ နောက်နောင်လည်းဆက်လက်ကန့်ကွက်သွားမည် ဟု စိုင်းလုံက ပြောသည်။
![]() |
| ကျောက်မီးသွေးစမ်းသပ်တူးဖော်ထားသည့်နေရာ |
ကုမ္ပဏီများဘက်ကလည်း ဒေသခံလူထုက မည်သို့ပင် ကန့်ကွက်တားဆီးပါစေ ဂရုစိုက်မည်မဟုတ်။ ကျောက်မီးသွေး တူးဖေါ်မည် ဟု ငြင်းခုံနေကြသည့်အတွက် မဆုံးဖြတ်နိုင်ကြဘဲ နောက်ဆုံးတွင် RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး RCSS/SSA အဆုံး အဖြတ်အတိုင်းသာ လုပ်ဆောင်မည်ဟု တွေ့ဆုံပွဲ၌ ကုမ္ပဏီပိုင်ရှင် နန်းယိင်းခမ်းက ပြောသည်။
နေပြည်တော်အစိုးရထံ စမ်းသပ်တူးဖေါ်ခွင့်ပါမစ်ရထားသည့် ပြည့်အောင်ဟိန်းကုမ္ပဏီနှင့် ဟိန်းမေတ္တာ ကုမ္ပဏီတို့သည် လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်နိုင်ရေးအတွက် သျှမ်းပြည်နယ်အမျိုးသားနေ့မတိုင်မီ တွေ့ဆုံမှု ချိန်းဆိုပေးပါရန် RCSS/SSA တာဝန်ခံအား တောင်းဆိုထားသည်။
ဒီဇင်ဘာ ၃၁ ရက် ၂၀၁၄ က လူထုတောင်းဆိုချက်အရ ပြည်တွင်းပြည်ပနေ မိုင်းကိုင်ဒေသခံ သံဃာတော်များ က မိုင်းကိုင်မြို့နယ်အတွင်း ကျောင်းမီးသွေးတူးဖေါ်ရေးစီမံကိန်း တားမြစ်ပေးပါရန် သျှမ်းပြည် တပ်မတော် RCSS/SSA ထံ တောင်းဆိုထားသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA သည် လူထုဆန္ဒမရဘဲ၊ ၄င်းတို့ထံ ခွင့်ပြုချက်မရဘဲ သျှမ်းပြည်နယ် အတွင်းရှိ မြေပေါ်မြေအောက် သယံဇာတများအား ထုတ်ယူခွင့်လုံးဝပြုမည်မဟုတ်ဟု ထုတ်ပြန်ကြေငြာထား ဖူးသည်။
ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းရပ်ဆိုင်းရေးအတွက် မိုင်းကိုင်မြို့ရှိ ဒေသခံများက ကုမ္ပဏီ နှင့် RCSS တာဝန်ရှိများအား လေးကြိမ်မြောက်တွေ့ဆုံ ဆွေးနွေးသွားပြီဖြစ်ကြောင်း သိရှိရသည်။
Tags: Human Right, News



