ရန်ကုန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ တပ်ပိုင်းဆိုင်ရာမူဝါဒ ဆွေးနွေး
ရန်ကုန် မြို့တွင် ကျင်းပလျက်ရှိသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ပြည် ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ တတိယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ မူဝါဒကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
![]() |
| (ဓါတ်ပုံ- ညိုအုန်းမြင့်) |
“တပ်ပိုင်းဆိုင်ရာ မူဝါဒကို ဆွေးနွေးတယ်။ အခြေခံမူတွေပေါ့။ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ အသေး စိတ်ကိုတော့ ဒေသအတွင်းမှာရှိနေတဲ့ သူ့တပ်နဲ့သူ ပြန်ပြီး ဆွေးနွေးရမယ်။ အခြေခံမူကတော့တိုက်ပွဲတွေ မဖြစ်အောင် ထိပ်တိုက် မှုတွေမရှိအောင်ဘေး ကင်းအောင် ၂ ဖက်တပ်တွေ ဘယ်လောက်အကွာအဝေးမှာ နေသင့်လဲ - စတာတွေဆွေး နွေးတယ်။” - ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့ရသော ပြည်ထောင်စုအင်စတီ ကျုမှ ဒါရိုက်တာ ဦးခွန်းဆေ က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
တတိယနေ့ ဆွေးနွေးပွဲတွင်လည်း နှစ်ဦးနှစ်ဘက် ငြင်းခုန်ခြင်းမရှိခဲ့ကြောင်း၊ ဗဟိုအဆင့် ပြည်နယ်အဆင့် ဒေသ အဆင့် Joint Monitoring များထားရှိရန်ဆွေးနွေးရာတွင်လည်း လွယ်ကူသဘောတူညီမှုရရှိခဲ့ ကြောင်း ဦးခွန်းဆေ ကပြော သည်။
“ဒေသတွင်းအဆင့် Joint Monitoring ကို လွတ်လပ်မှုပေးထားရင် ဒေသခံပြည်သူလူထုက အပစ်ရပ် ရေး လုပ်ငန်းမှာ ပါဝင်စောင့်ကြည့်လာရဲမှာပေါ့။” ဟု ၄င်းက သုံးသပ်သည်။
အပစ်ရပ်စောင့်ကြည့်ရေးကော်မတီနှင့် နိုင်ငံရေးဆွေးနွေးရေးအတွက် ကော်မတီတို့ကိုဆက်သွယ်ပြီး အလုပ်လုပ် သွားရန် ဗဟိုကော်မတီထားရှိရန်အတွက်သာ ဆွေးနွေးရတော့မည်ဖြစ်ကြောင်း ဦးခွန်းဆေက ဆက်လက်ပြောပြ သည်။
“အစိုးရကတော့ အပစ်ရပ်စောင့်ကြည့်ရေးကော်မတီနဲ့ နိုင်ငံရေးဆွေးနွေးမယ့်ကော်မတီ အဲဒီကော်မတီ ၂ ခုရဲ့ အထက်မှာ ဘယ်သူ့ကိုမှ ထပ်မရှိစေချင်ဘူး။ မသင့်တော်ဘူး- လို့ပြောတယ်။ အဲ့ခါကျတော့ NCCT ကမေးတယ်။ အဲ့ဆိုရင် ဘယ်သူ့ကိုထားမှာလဲ ဆိုတော့ အပစ်ရပ်သဘောတူညီရေးစာချုပ်ဘဲထားရှိမယ်။ လူမရှိဘဲ စာချုပ်နဲ့ဘဲ သုံးသပ် ထိန်းသိမ်းသွားမယ်ဆိုတာကြီးကို နားမလည်သေးဘူး၊ ဘယ်လိုလုပ်မှာတုန်း လို့ဆိုတော့ အဲတာ တချက်ပြန်ဆွေးနွေးရမယ်။ ”
ယမန်နေ့ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသားတပ်ဖွဲ့အကြား အမြဲငြင်းခုန်နေရသော တော်လှန်ရေး ဟူသည့် စကားလုံးကို အစိုးရက လက်ခံလိုက်သဖြင့် တပ်ပိုင်းဆိုင်ရာ သဘောတူညီမှုတွင် အဓိက အရေးပါသောအခန်း တခုကို အောင်မြင်စွာဆွေးနွေးနိုင်ခဲ့သည်ဆိုနိုင်ကြောင်း ဆွေးနွေးပွဲတက်ရောက် သည့်ပုဂိုလ်များက ပြောဆိုပါ သည်။
တပြည်လုံးအပစ်ရပ်နိုင်ရေးအတွက်ရည်ရွယ်ကာ တိုင်းရင်းသား ၁၆ ဖွဲ့ ပါဝင်သည့် NCCT နှင့် အစိုးရ၏ UPWC တို့သည် မတ်ခ်ျလ ၁၇ ရက်နေ့မှစပြီး ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာ တွင် ၆ ရက်တာ ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် NCCT အဖွဲ့ဝင်မဟုတ်သည့် မိုင်းလားတပ်ဖွဲ့ NDAA – ESS နှင့် သျှမ်းပြည်တပ်တော် RCSS/SSA တို့လည်းလေ့လာသူအဖြစ်တက်ရောက်သည်။
Tags: News, politic


