ရပ်ရွာတွင်းစစ်ရေးလှုပ်ရှားမှုကြောင့်ဒေသခံထောင်ချီ မြို့တွင်းသို့တိမ်းရှောင်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသရှိ တအာင်းလူမျိုးအများစုနေထိုင်သော ကျေးရွာများ အတွင်း အစိုးရ စစ် တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု ကြောင့် ဒေသခံရွာသား ထောင်ချီ နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်းသတင်းမှ စုံစမ်းသိရှိ ရသည်။

နမ့်ခမ်းမြို့သို့ရောက်လာသော စစ်ဘေးရှောင်တချို့

နမ့်ခမ်းမြို့သို့ရောက်လာသော စစ်ဘေးရှောင်တချို့


နေရပ်မှထွက်ပြေးတိမ်းရှောင်လာသူများသည်  နမ့်ခမ်းမြို့အတွင်းရှိ နီးစပ်ရာဆွေမျိုးအိမ်များနှင့် ဟိုနားကျေးရွာ ဘုန်းကြီးကျောင်းသို့ တည်းခိုနေခဲ့ကြကြောင်း၊ သက်ဆိုင်ရာစာပေယဉ်ကျေးမှုအဖွဲ့နှင့် ဒေသတွင်း အလှူရှင် များက ထောက်ပံ့ကျွေးမွေးမှုပေးနေကြောင်း အမည်မဖော်လိုသော ဟိုနား ကျေးရွာသူ တစ်ဦးကဆိုသည်။

“သူတို့ မတ်ခ်ျလ၂၄ ရက်နေ့ကစပြီး  တိမ်းရှောင်လာကြတယ်၊ ကျမတို့ ဟိုနားဘုန်းကြီးကျောင်းကို ၂၄ ရက်က ၁၃၀ ဦး၊ ၂၅ ရက်နေ့မှာ ၂၀၈ ဦး ၊၂၆ ရက်နေ့က ၁၇၇ ဦး အားလုံးစုစုပေါင်း ၅၁၅ ဦးရောက်နေ တယ်၊ တခြား ဆွေမျိုးတွေအိမ်ကိုသွားတည်းခိုနေတဲ့သူတွေပါ ပေါင်းလိုက်ရင် ၂၀၀၀ ၀န်းကျင်လောက် ရှိပါမယ်။ ဘုန်းကြီး ကျောင်း မှာရောက်နေသူတွေအတွက် ချက်ပြုတ် ကျွေးမွေးဖို့အတွက်တော့ ကျမတို့ ရွာကပဲတာဝန်ယူ   နေပါ တယ်ရှင့် ” ဟု ၄င်းက သျှမ်းသံတော်ဆင့် အားဆိုသည်။

တိုက်ပွဲဖြစ်ပွါးမှုကြောင့်ထွက်ပြေးခြင်းမဟုတ်ကြောင်း ယခု သတင်းရေးသားနေချိန်၌ စစ်ဘေးရှောင် တချို့ နေရပ်သို့ပြန်သွားနေကြပြီဖြစ်ကြောင်းသိရသည်။

နေရပ်မှ ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးဖြစ်သော မိုင်းထွန်းထွန်း က“ တိုက်ပွဲပြင်းထန်လို့ ထွက်ပြေး လာတာ မဟုတ်ပါဘူး ၊ ကျနော်တို့ ရွာထဲမှာက အစိုးရစစ်တပ်လှုပ်ရှားနေပြီး ရွာအပြင်ဘက်မှာတော့ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့တွေ ရှိနေလို့ တိုက်ပွဲဖြစ်လာနိုင်ခြေများတဲ့ အခြေအနေကြောင့် ထိပ်လန့်ပြီး နေရပ်ကနေ ထွက်ပြေးလာရပါတယ်  ” ဟု ၄င်းကဆိုသည်။

စစ်ရေးလှုပ်ရှားမှုကြောင့် ထိပ်လန့်ထွက်ပြေးတိမ်းရှောင်လာကြသောရွာများမှာ မန့်ကောင်း၊မန့်ကန်၊ ကောင်းဝိုင်း၊ အွယ်လော၊ မန့်စန်း၊ ပန်ခါး၊ နမ့်ဆီးရီး စသောကျေးရွာများဖြစ်ပြီး ထိုဒေသ၌ အစိုးရ တပ်မ(၈၈)၊ ဌာနေ ပြည်သူ့စစ်တပ်များ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ သျှမ်းပြည်တိုးတက် ရေး ပါတီနှင့် သျှမ်း ပြည်တပ်မတော် SSPP/SSA နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်TNLAတို့ လှုပ်ရှားရာ ဒေသများဖြစ် နေကြ သည်ဟု ဒေသခံများထံမှသိရှိရ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates