မိုင်းလားနယ်မြေအနီးသို့ သံချပ်ကာကားများ နှင့် ၁၂၀ မမ လက်နက်ကြီး အစိုးရတပ်ပို့ထား



သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် အထူးဒေသ ၄ နယ်စပ် တာ့ပင်း ပွိုင့်ဦး တပ်စခန်းသို့ သံချပ်ကာကား ၁၀ စီးနှင့်အတူ ပွိုင့် ၁၂၀ မမ လက်နက်ကြီး တစ်လက်အား မတ်ခ်ျ ၅ ရက် နေ့ခင်းပိုင်း က  တြိဂံတိုင်းစစ်ဌာနချုပ်မှ ပို့ဆောင်ထားသည်ဟု သိရသည်။

 တြိဂံတိုင်းရုံးမှ သံချပ်ကာကား

သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့အခြေစိုက် တြိဂံတိုင်း စစ်တိုင်းရုံးမှ သံချပ်ကာကား နှင့် လက်နက်ကြီးတလက် လုံခြုံရေးစစ်သည်အင်အား ၅၀-၆၀ ခန့် နှင့်အတူ ကျိုင်းတုံမြို့ အရှေ့ မြောက် ဘက် မိုင် ၃၀ ခန့်အကွာရှိ ခလရ ၂၂၆ အခြေစိုက်ရာ တာ့ပင်း တပ်စခန်းသို့ မတ်ခ်ျ ၅ ရက် မွန်းလွဲ ၁ ကျော်က ရောက်ရှိလာသည်ဟု စစ်ရေးစောင့်ကြည့်သူ ကျိုင်းတုံဒေသခံကပြောသည်။

အမည်မဖေါ်လိုသည့် ရှေ့တန်းတပ်မှူးက - ၁၂၀ မမ လက်နက်ကြီးအား နမ့်လွေချောင်းအနောက် ဘက်ကမ်း ဝမ့်အိတ်တောင်ထိပ်သို့  ပို့ဆောင်ထားသည်ဟုဆိုသည်။

“အဲဒီတောင်ထိပ်ကနေ ၁၂၀ လက်နက်ကြီးပစ်ရင် မိုင်းလား ကိုကောင်းကောင်းရောက်နိုင် တယ်။ ၁၂၀ မပြောနဲ့ ၁၀၅ တောင်ရောက်နိုင်တယ်။  ဒီအခြေအနေက တိုက်ပွဲဆင်ဖို့တော့မဖြစ်နိုင်ဘူးထင်တယ်။ တခုခုခြိမ်း ခြောက် ဖို့ပဲနေမှာ။ တပ်မတွေလဲ ရောက်လာတာမတွေ့မိဘူးလေ” - ဟု တော်လှန်ရေးသမားဟောင်း ဆရာစိုင်းမုန့် က ပြောသည်။

လုံခြုံရေး ယူပေးသည့် စစ်သည်အင်အားများက ယမန့်နေ့ညနေပိုင်းမှာပင် ကျိုင်းတုံ သို့ ခရီးပြန်လှည့် ကြောင်းလည်း ၎င်းကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါ လက်နက်ကြီးအပါအဝင် သံချပ်ကာ ကားများလည်း ကျိုင်းတုံသို့ ညတွင်းချင်း ပြန်သွားသည်ဟုဆိုသည်။

“ခရီးသွားတွေကို မှတ်ပုံတင်စစ်တာကလွဲလို့ လမ်းမှာ ဘာမှမထူးပါဘူး။ ပုံမှန်ဖြတ်သန်းသွားလာနေ တယ်။ စစ်ကားတွေလဲ ကျိုင်းတုံ ဘက် ပြန်ကုန်ပြီ။ မိုင်းလားလန့်အောင် အင်အားလာပြတာလို့ဘဲထင် တယ်” -  ဟု ကျားဖြူပါတီဝင် စိုင်းယီ့လုံး ကပြောသည်။

တပ်မတော်ဘက်က အထူးဒေသ ၄ မိုင်းလားနယ်မြေသို့ လက်နက်ကြီးများ၊ တိုက်ပွဲဝင် သံချပ်ကာကား များ ပို့ဆောင်ထားသော်လည်း  အစိုးရဘက်ကမူ မတ်ခ်ျ ၄ ရက်နေ့မှစ၍ ယနေ့အထိ ဌာနဆိုင်ရာများ စေလွှတ်၍ အထူးဒေသ ၄ နယ်မြေ အတွင်းရှိ မိုင်းလား၊ မိုင်းမ၊ ဆီလူး ၊ မိုင်းယု ဒေသခံများအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားလုပ်ပေးနေသည်ဟု သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates