အမေရိကန် စတဲန်းဖို့တ်တက္ကသိုလ် ဘွဲ့လွန်ကျောင်းသားများအား ခွန်ထွန်းဦး လက်ခံတွေ့ဆုံ



ခွန်ထွန်းဦး ဦးဆောင်သည့် SNLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက အမေရိကန်အခြေစိုက် စတဲန်းဖို့တ် တက္ကသိုလ် ဘွဲ့လွန်တန်းလေ့လာရေးကျောင်းသူကျောင်းသားများ အား လက်ခံတွေ့ဆုံကာ လက်ရှိမြန်မာ့နိုင်ငံရေး အကြောင်းများ ရှင်းလင်းပြောကြားကြသည်။

အမေရိကန် စတဲန်းဖို့တ်တက္ကသိုလ် ဘွဲ့လွန်ကျောင်းသားများအား ခွန်ထွန်းဦး လက်ခံတွေ့ဆုံစဉ်

၂၀၁၅ မတ်ခ်ျ ၂၃ ရက်  ညနေပိုင်း ၄ နာရီမှ ၅ နာရီခွဲ အထိ ရန်ကုန်မြို့ အလုံလမ်း My Garden Restaurant ၌ လက်ခံတွေ့ဆုံကြကြောင်း၊  အမေရိကန်နိုင်ငံ ကယ်ရီဖိုးနီးယားပြည်နယ် Stanford University  ဘွဲ့လွန် Master တန်း ကျောင်းသားကျောင်းသူ  ၂၄  ဦးအား  SNLD  ဥက္ကဌ ခွန်ထွန်းဦး၊ ဒုတိယ ဥက္ကဌ စိုင်းစောအောင်၊ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် တို့နှင့်အတူ ပြောရေးဆိုခွင့် စိုင်းလိတ်၊ နိုင်ငံခြားဆက်ဆံရေး နှင့် ပညာရေးဌာနမှူး စိုင်းဆမ်ဖွဏ်ဆိုင်၊ စာရေးဆရာခွန်ယုံးချို တို့  ပါဝင် လက်ခံတွေ့ဆုံကြသည်။

အမေရိကန်ကျောင်းသားများအား ခွန်ထွန်းဦးက ထောင်တွင်းရောက်သွားခဲ့ရပုံနှင့် ၎င်း၏ နိုင်ငံရေး ဘ၀ ကောက်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲအကြောင်းရှင်းပြခဲ့ကြောင်း၊ ပြောခွင့်ရ စိုင်းလိတ်က လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးအကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအကြောင်း၊  သျှမ်းပြည်မြစ်ချောင်းများ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ ပြောခွင့်ရ နန်းခမ်းနောင့်က သံလွင်မြစ်ပေါ် တည်ဆောက်မည့်ရေကာတာများ အကြောင်း ခွန်ယုံးချိုက သျှမ်းပြည်နယ် နှင့် သျှမ်းလူမျိုးတို့သမိုင်း အကြောင်း များ အသီးသီးရှင်းပြကြ သည်။

“ SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်ကနေ Stanford University (Master တန်း) ကျောင်း သား ကျောင်းသူတွေကို ‘ အနောက်တိုင်းက ကျောင်းသားတွေက ဒီနိုင်ငံကို လာရောက် လေ့လာခွင့် နေရတဲ့အချိန်မှာ ဒို့နိုင်ငံကကျောင်းသူကျောင်းသားတွေကတော့ ဒီမိုကရေစီနိုင်ငံရေးအတွက် တိုက်ပွဲ ဝင်ရင်း  ထောင်ထဲ ရောက်နေကြရတယ်။ ခင်ဗျားတို့ နေရပ်ပြန်ရောက်သွားရင် သူတို့တွေပြန်လည် လွတ်မြောက်လာအောင် ကူပြီးတွန်းအားပေးကြပါ။ ကူညီကြပါ’  လို့  ပြောတယ်” - ဟု စိုင်းဆမ်ဖွဏ်ဆိုင်က ပြောသည်။

Stanford University မဟာတန်း ကျောင်းသူကျောင်းသား များသည် မတ်ခ်ျ ၂၃ ရက် နံနက်ပိုင်းတွင် MPC ( မြန်မာငြိမ်းချမ်းရေးစင်တာ) မှ တာဝန်ရှိပုဂ္ဂိုလ်အားသွား တွေ့ဆုံခဲ့သေးသည်။ ထို့အတူ ယနေ့ မတ်ခ်ျ ၂၄ ရက် တွင်နေပြည်တော်သို့ ခရီးဆက်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မည်ဟုဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates