၇ ကြိမ်မြောက် NCA ဆွေးနွေးပွဲတက်ဖို့ ဝ တပ်ဖွဲ့ ဆုံးဖြတ်ချက်မချသေး
ရန်ကုန်မြို့တွင်မတ်ခ်ျ ၁၆ ရက်နေ့ မှ ၁၈ ရက်နေ့အထိ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ၇ ကြိမ်မြောက် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဝ တပ်ဖွဲ့ မဆုံးဖြတ်ရသေးဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ ၂၀၁၄ ခု အတွက် နှစ်လုံးကျွတ် သုံးသပ်ချက် အစည်းအဝေးအား ပန်ဆန်းမြို့တွင် ကျင်းပနေကြောင်း၊ အဆိုပါအစည်းအဝေးအား မတ်ခ်ျ ၁၇ ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် NCCT နှင့် UPWC တို့ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန်ဆုံးဖြတ် ချက်မချနိုင်သေးကြောင်း UWSA ပြောရေးဆို ခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။
“ကျနော်တို့ ဝ နယ်လုံးကျွတ်အစည်းအဝေးက လူပေါင်း ၆၀၅ ယောက်တက်တယ်။ ၂၀၁၄ ခု တနှစ် ပတ်လုံး ပြန်သုံးသပ်တဲ့အစည်းအဝေး။ ဒါကြောင့် သွားမယ် မသွားဘူးဆိုတာ ဆုံးဖြတ်ချက်မချရ သေးဘူး” - ဟု ဦးအောင်မြင့်က ပြောသည်။
ထို့အတူ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ အရင်းနှီးဆုံးမဟာမိတ် ဖြစ်သည့် မိုင်းလား တပ်ဖွဲ့ အမည်ရ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် သျှမ်းပြည်အရှေ့ပိုင်း NDAA – ESS ကလည်း ၇ ကြိမ်မြောက် NCA အစည်းအဝေးတက်ရောက်ရန် ကိုယ်စားလှယ်နှစ်ဦးရွေးချယ်ထား သော်လည်း ဝ တပ်ဖွဲ့ ဗဟို ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် စောင့်ကြည့်ရဦးမည်ဖြစ်သည်ဟု အရာရှိကြီးတဦးက ပြော သည်။
ကိုးကန့်ဒေသ အတွင်းဖြစ် ပွားနေသော တိုက်ပွဲအား UWSA ဝ တပ်ဖွဲ့ နှင့် NDAA – ESS မိုင်းလား တပ်ဖွဲ့တို့ ပါဝင်ပတ်သက်နေသည်ဆိုသည့် မြန်မာအစိုးရတပ်မတော်၏ စွပ်စွဲချက်နောက်ပိုင်း နှစ်ဘက် ဆက်ဆံရေးမပြေလည်မှုများဖြစ်ခဲ့သည်။
တပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးနိုင်ရေးအတွက် ၇ ကြိမ်မြောက် ဆွေးနွေးပွဲသို့ NCCT အဖွဲ့ဝင် KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားပြုကိုယ်စားလှယ်များ ၊ NCCT အဖွဲ့ဝင် မဟုတ်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟုဆိုသည်။
Tags: News, politic


