ဆယ်ကျော်သက်အား အဓမ္မပြုကျင့်ဖို့ကြိုးစားသည့် တပ်မတော်သား ထိုက်သင့်သောပြစ်ဒဏ်ပေးဖို့ ခရိုင်တရားရုံး သို့ရွာသားများတိုင်တန်း



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်က  အသက် ၁၄ နှစ်အရွယ် ဒေသခံအမျိုးသမီးငယ် တဦးအား အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည့် တပ်မတော် အရာရှိငယ်တဦးအား အရေးယူပေးရန် လွိုင်လင် မြို့နယ်အုပ်ချုပ်ရေးရုံးသို့ ရွာသားများသွားရောက်တိုင်တန်းကြသည်။

အဓမ္မပြုကျင့်ကြံခံရသူ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ် 

ဧပြီ ၁၇ ရက်နေ့က  လွယ်လင်မြို့မှ တောင်ကြီးအတက်လမ်းရှိ လွယ်လင်နှင့် ၃ မိုင်ကျော် ဝေးသည့် တောင်နောဝ့် ကျေးရွာအုပ်စု ဘက် လှုပ်ရှားသည့် ပင်လုံအခြေစိုက် ခမရ ၅၁၃ မှ အင်အား ၅၀ ကျော်ရှိ စစ်ကြောင်းမှ အရာရှိငယ်တဦးသည်  အသက် ၁၄ နှစ်အရွယ် ကုန်းကွန်းရွာသူ တဦးကို အဓမ္မ ပြုကျင့်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။

“ အဲဒီ စစ်ကြောင်းကို ဗိုလ်မှူး အောင်မြင်သူ နဲ့ ဗိုလ်ကြီး ကျော်မြင့်နိုင်တို့ ဦးဆောင်တာဖြစ်တယ်။  ကလေးမကို မုဒိန်းကျင့်ဖို့ကြံတာကတော့ သူတို့ရဲ့လက်အောက်ခံ တပ်ကြပ်အဆင့် ဆရာမြင့်သိန်း ဆိုသူဖြစ်တယ်” ဟု ရွာသားတဦးကပြောသည်။

တပ်ကြပ်မြင့်သိန်းသည် ဧပြီ ၁၇ ရက် ည ၆ နာရီက အဆိုပါ မိန်းခလေး၏ အိမ်ပေါ်သို့တက်လာပြီး အဓမ္မပြုဖို့ ကြိုးပမ်းစဉ်  မိဘများ ယာခင်းမှ ပြန်လာသည့် အချိန်ဖြစ်သဖြင့် အဓမ္မ ပြုကျင့်မှု ဘေးမှ လွှတ်မြောက်ခဲ့ရကြောင်း အမျိုးတော်စပ်သူကပြောပါသည်။

စစ်ကြောင်းမှူး ဗိုလ်မှူးအောင်မြင်သူက ကျူးလွန်သည့်၎င်း၏ လက်အောက်ငယ်သားအား  ကျေနပ်သည်အထိ ရိုက်နှက် ပြစ်ဒဏ်ပေးမည်ဟုပြောဆိုသော်လည်း  ရွာသားများ လက်မခံဘဲ တရားရုံးတော်မှ ထိုက်ဒဏ်သည့် ပြစ်ဒဏ်ချမှတ်ပေးဖို့ ဧပြီ ၂၂ ရက်နေ့ ၃ နာရီကျော်က သွားရောက်တိုင်တန်းခဲ့သည်။

သို့သော် တရားရုံတွင် တာဝန်ရှိ ဆိုင်ရာ အရာရှိမရှိဟုဆိုကာ  အမှု လက်ခံထားခြင်းမရှိကြောင်း ရွာသားများကပြောသည်။

 အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကမူ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၌ သျှမ်းပြည်တွင်း အစိုးရ စစ်တပ်၏ လိင်အကြမ်းဖက် ခံရသည့် အမျိုးသမီးများ အဆက်မပြတ် ရှိနေသေးကြောင်းပြောဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates