သျှမ်းဘာသာ အပါအဝင် တိုင်းရင်းသားဘာသာ ၈ မျိုး ဒီဗီဘီရုပ်သံလိုင်း၌ စတင်ထုတ် လွှင့်မည်



သျှမ်းဘာသာ  အပါအဝင် တိုင်းရင်းသားဘာသာစကား၈ မျိုးဖြင့်  ဒီဗီဘီ ရုံမြင် သံကြား အသံလွှင့်ဌာန ရုပ်သံလိုင်းမှ တနင်္လာနေ့မှ စ၍ စတင်ထုတ်လွှင့်တော့မည်ဟု ဘီအဲန်အိုင် ၏ တာဝန်ခံ ထုတ်လုပ်သူ ကပြောသည်။



မေလ ၁၁ ရက်နေ့ မှစ၍  မွန်ဘာသာ၊ မေ ၁၂ ရက်နေ့ သျှမ်းဘာသာ၊ ထိုနောက်ပိုင်း ကချင်၊ မြန်မာ၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင် စသဖြင့် တရက်တမျိုးထုတ်လွှင့်သွားမည် ဖြစ်သည်။ အစီအစဉ်တခုလျှင်  ၁၅ မိနစ်ခန့် ကြာမည်ဟုဆိုသည်။

“အဓိက ကတော့ နိုင်ငံတကာနဲ့  သတင်းဌာနကြီးတွေမှာ ကျန်လပ်နေတဲ့ တိုင်းရင်းသား ဒေသက သတင်းတွေကို တိုင်းရင်းသားသတင်းထောက်တွေက တိုင်းရင်းသားတွေ နားလည်တဲ့ ဘာသာနဲ့ ပြန်ပြောပြနိုင်ဖို့ဖြစ်ပါတယ်” - ဟု ဘီအဲန်အိုင်၏ တာဝန်ခံ ထုတ် လုပ်သူ ကပြောသည်။

သျှမ်းသံတော်ဆင့်သတင်းဌာန၏ ရုပ်သံပိုင်းတာဝန်ခံ နန်းမွေခေါင်က- “ အင်္ဂါနေ့ ထုတ်လွှင့် နိုင်ဖို့ ကျမတို့ ပြင်ဆင်နေပါတယ်အခု။ ထုတ်လွှင့်မဲ့ဟာက သျှမ်းဘာသာ စကားပြော၊ မြန်မာစာတမ်းထိုးပါ။ ဒီဗီဘီမှာ စောင့်မျှော်အားပေးကြပါလို့ တိုက်တွန်းလိုပါတယ်ရှင်” - ဟု ပြောသည်။

လက်ရှိအနေအထားအရ တိုင်းရင်းသားဒေသတွေမှာ ဆက်သွယ်ရေးက မဖွံ့ဖြိုးသေး သည့်အတွက် ဗီဒီယိုကလစ်ဖိုင်များ အချိန်မီပို့နိုင်ရန် အခက်အခဲ ကြုံတွေ့နေရသော်လည်း မည်သို့ပင်ဆိုစေ ‘ အနာဂတ်မှာ တိုင်းရင်းသား ဒေသတွေမှာ လွတ်လပ်တဲ့ ရုပ်သံဌာနတွေ ပေါ်ပေါက်လာဖို့ လေ့ကျင့်မှုတခုလည်းဖြစ်စေ မယ်လို့ မျှော်လင့်ပါတယ်’ ဟု ဘီအဲန်အိုင်၏ တာဝန်ခံထုတ်လုပ်သူ က ပြောသည်။

ဒီအစီအစဉ်ဖြစ်မြောက်ဖို့  နိုင်ငံတကာ မြန်မာသတင်း BNI နဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB တို့ စုပေါင်း စီစဉ်ထားခြင်းဖြစ်သည်။

နိုင်ငံတကာ မြန်မာသတင်း BNI ကို သျှမ်းသံတော်ဆင့် SHAN အပါဝင်၊ မစ္ဇျိမ Mizzima၊ နိုင်ငံတကာမွန် သတင်းအေဂျင်စီ IMNA ၊ ကရင်သတင်းစဉ် KIC ၊ နိရဉ္စရာသတင်းဌာန(ရခိုင်)၊ ကချင်သတင်းဌာန KNG ၊ ပေါက်ထော (မွန်)၊ ခေါနုမ်ထုန် (ချင်း)၊ ကုလားတန်၊ ကန္တာရ၀တီတိုင်း(မ်း) (ကရင်နီ) ၊ သတင်းမီဒီယာကွန်ယက် NMG ၊ ချင်းဝေါလ်(ချင်း)၊ သံလွင်တိုင်း(မ်)(မွန်) သတင်းဌာနများမှ စုပေါင်းကာ ဖွဲ့စည်းတည်ထောင်ထားပါ သည်။

ဒီဗီဘီမှာမူ ၁၉၈၈ နောက်ပိုင်းပေါ်ပေါက်လာသည့် အသံလွှင့်ဌာနဖြစ်ပြီး ထိုစဉ်က စဝ်ဟန် ယောင်ဟွေ ဦးဆောင်မှုဖြင့် နော်ဝေးနိုင်ငံတွင်အခြေစိုက်သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ တဆင့် ဦးသိန်းစိန်အစိုးရ တက်လာသည့် နောက်ပိုင်း  ပြည်တွင်း၌လည်း ရုံးစိုက်ဖွင့်လှစ် ထား သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates