မိုင်းပန်မြို့နယ်တွင် ညသန်းခေါင်အချိန် နေအိမ်မီးထလောင်



သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် ညသန်းခေါင်ယံအချိန် အကြောင်းမသိရသည့် မီးလောင်မှုတခုဖြစ်ပွါးခဲ့ပါသည်။








မေလ ၁၁ ရက် ညသန်းခေါင်ယံ ကတ်နောက်ရပ်ကွက် ရှိ ဆရာမ နန်းမြင့်မြင့်လှိုင်၏ အိမ်နောက်ပိုင်း မီးဖိုချောင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်သုံးပစ္စည်းများ၊  မောတော်ဆိုင်ကယ် စက်ဘီးအပါအဝင် အိမ်လုံးကျွတ်ပြာကျသွားကြောင်း မိုင်းပန်သား စိုင်းဆိုင် ကသျှမ်းသံတော်ဆင့်အားပြောပြသည်။


“ သေကြေဒဏ်ရာရတာတော့မရှိဘူး။ ညသန်းခေါင်မှာ အိမ်နောက်ဖေးမီးဖိုချောင်ကနေ မီးထ တောက်တော့ ဘာပစ္စည်းမှ မရလိုက်ဘူး။ ကိုယ်လွတ်ရုန်းရတာပေါ့။ ရပ်ကွက်ကလူတွေဝိုင်းငြိမ်းလို့ ၁ နာရီခွဲလောက်အကြာမှာ မီးငြိမ်းသွားတယ်။ ဘေးအိမ်တွေတော့မကူးဘူး။ ဘာကြောင့်လောင်လဲဆိုတာခုချိန်ထိ မသိရပါဘူး” ဟုပြောသည်။


ပြီးခဲ့သည့်သောကြာနေ့ မေလ ၈ ရက်နေ့ညပိုင်းကလည်း မိုင်းပန်မြို့အတွင်း မိုးသက်လေပြင်းကျရောက်ပြီး မိုးသီးများပါကျရောက်သဖြင့် နေအိမ်ခေါင်မိုးများ လေပြင်းနှင့်အတူ လွှင့်ပါသွားကြောင်း၊ ခြံစည်းရိုးများလည်းပြိုလဲပြီးစိုက်ခင်းတော်တော် များများ ပျက်စီးခဲ့ရကြောင်း သိရပါသည်။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates