သျှမ်းလူငယ်များစုပေါင်းကာ ဗန်းမော်မြို့ သမိုင်းဝင်တောင် တက်ရောက်လေ့လာ
သျှမ်းလူငယ်ကွန်ရက် ( Tai Youth Network) မှ ဦးဆောင်ပြီး အနယ်နယ်အရပ်ရပ်မှ သျှမ်းလူငယ်များ စုပေါင်းကာ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ သမိုင်းတွင် ဝိလာသတောင် တက်ရောက်ခဲ့သည်။
မေလ ၁၁ ရက် ယနေ့မနက် ၄ နာရီက သျှမ်းပြည်နယ်အရပ်ရပ်မှ လူငယ် ၃၀၀၀ ကျော် စုဝေးကာ ဗန်းမော်မြို့ တောင်ဘက်ရှိ သမိုင်းဝင် ဝိလာသတောင်ကို တက်ရောက်ခဲ့ကြောင်း တောင်တက်ခရီးစဉ်တွင်လိုက်ပါသွားသော တောင်တက်ဖြစ်မြောက်ရေးကော်မတီဝင် စိုင်းကျော်သီဟ ကဤကဲ့သို့ပြောသည်။
“ ဒီတခေါက် ကျနော်တို့လူငယ် စုပေါင်းပြီးတောင်တက်တာ သျှမ်းပြည်အနယ်နယ် အရပ်ရပ်ကလာတဲ့ လူတွေ ချည်းဘဲ။ သျှမ်းပြည်တွင်း သဘာဝသယံဇာတတွေကို ထိန်းသိမ်းတတ်အောင် ၊ လူငယ်အချင်းချင်းလက်တွဲပြီး မူးယစ်ဆေးဝါး ပြသနာဖြေရှင်း တတ်အောင်ရည်ရွယ်ပါတယ် ” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
တောင်မှဆင်းလာပြီးနောက် မေလ ၁၂ ရက်နေ့တွင် ဗန်းမော်မြို့၌ စာပေဟောပြောပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း သျှမ်းလူငယ်ကွန်ယက်အဖွဲ့ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်အားပြောသည်။
ဝိလာသတောင်သည် ဗန်းမော်မြို့စတင်ခဲ့သည့် စပ္ပါယ်နဂိုမင်း၏သားတော် ဝိလာသမင်းသား မွေးဖွားခဲ့သည့်နေရာဖြစ်ကြောင်း ဗန်းမော်မြို့သမိုင်းစာအုပ်တွင် ဖော်ပြထားသည်။
ဗန်းမော်သည် စပ္ပါယ်နဂိုခေတ်မှ စောမြအောင်အထိ နှစ်ပေါင်း (၂၂၇၆)နှစ် မြန်မာအဝေးရောက်မြို့ဝန်များက (၁၁၄) နှစ်၊ အင်္ဂလိပ်များက (၆၄) နှစ်၊ ဂျပန် (၃) နှစ်၊ အင်္ဂလိပ် နောက်ထပ်ပြန်၍(၂) နှစ်အုပ်ချုပ်လာခဲ့သည်။ ထိုသို့ လွတ်လပ်ရေး ရပြီးသောအခါ သျှမ်းစော်ဘွားများ အစဉ်ဆက် အုပ်ချုပ်ခဲ့သော သျှမ်းနယ်များအား ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ -၆- ဖြင့် ကချင်တောင်တန်း ဒေသပေါင်းစပ်ခါ ကချင်ပြည်နယ် အဖြစ်သတ်မှတ်ခဲ့ရာတွင် ဗန်းမော်သည်လည်း ကချင်ပြည်နယ်အတွင်းကျရောက်သွားခဲ့သည်ဟုလည်း သျှမ်းနီသမိုင်းတွင်ဖော်ပြထားသည်။
သျှမ်းလူငယ်ကွန်ရက် (Tai Youth Network) အဖွဲ့မှ ဦးဆောင်ပြီး ယခုဗန်းမော်မြို့တွင်းရှိ ဝိလာသတောင် တက်ခြင်း သည် ဆဌမ အကြိမ်ဖြစ်ကြောင်း၊ ပထမအကြိမ်လွယ်လိန်းတောင်၊ ဒုတိယအကြိမ် လွယ်ခေးတောင် ၊တတိယ အကြိမ် လွယ်ဆမ်ဆစ်တောင်နှင့် စတုတ္ထအကြိမ် မှာ လွယ်ဇန့်တောင်၊ ပဉ္စမအကြိမ်မှာ မူဆယ်မြို့နယ်တွင်းရှိ စယ်လန့်လွယ်တေးမိုင်းတောင် တို့ ဖြစ်ကြသည်။
Tags: General, News


