ကိုးကန့်တပ်ဖွဲ့နှင့်ပတ်သက်သည့် ပန်ဆန်းညီလာခံသတင်းရေးသားထုတ်လွှင့်ခြင်းမပြုရန် မြန်မာ့တပ်မတော်သတိပေး
ကိုးကန့်တပ်ဖွဲ့နှင့် ပတ်သက်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထိပ်သီးညီလာခံ သတင်းရေးသား ထုတ်လွှင့်ခြင်းမပြုရန် တပ်မတော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာန က ထုတ်ပြန်သည်။
‘ကိုးကန့်သောင်း ကျန်းသူအဖွဲ့(MNDAA)ကို နိုင်ငံတော်အစိုးရမှ မတရားအသင်းအဖြစ် သတ်မှတ်ကြေငြာ ထားသဖြင့် ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသော အစည်းအဝေးမှ ကိုး ကန့် သောင်းကျန်းသူအဖွဲ့ (MNDAA) ၏ ထုတ်ပြန်ကြေငြာချက်များကို သတင်းမီဒီယာ များ အနေဖြင့် ရုပ်သံထုတ်လွှင့်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်းများ မပြုလုပ်စေရေး အသိပေးထားရှိပါရန် နှင့် ထုတ်လွှင့်ဖေါ်ပြခဲ့ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွာက်သွားမည်’ -ဟု မေလ ၃ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ထံ တပ်မတော်ပြန် ကြားရေးဌာနက အသိပေးအကြောင်းကြားထားသည်ဟု သျှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ် သည့်အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်အား ပြောသည်။
“ဒီကိစ္စက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ဟာနဲ့ ဆန့်ကျင်နေတယ်။ သဘာဝ သိပ် မကျဘူး။ ကိုးကန့်အဖွဲ့ကို ဖိတ်တယ်ဆိုတာက ကျနော်တို့အဖွဲ့အစည်းရဲ့ သဘောထားဘဲ မဟုတ်ပါဘူး။ တိုင်းရင်းသားညီအစ်ကိုတွေရဲ့သဘောထားဖြစ်ပါတယ်။ ကိုးကန့်လဲ အပစ် အခတ်ရပ်စဲရေးလုပ်နိုင်ဖို့၊ သူတို့ဆွေးနွေးတင်ပြချင်တာရှိရင်တင်ပြနိုင်ဖို့၊ သူတို့အတွက် တဘက်တလမ်း လမ်းဖွင့်ပေးတာဖြစ်တယ်” - ဟု UWSA ပြောရေးဆိုခွင့် ဦးအောင်မြင့်က ပြောသည်။
ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်းဆေ ကလည်း ‘တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှာ အားလုံးပါ ဝင်ရမယ်။ ဒီကိစ္စက ဆက်ပြီး ကြန့်ကြာဦးမယ်ထင်ပါတယ်’ - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
စာနယ်ဇင်းကောင်စီ မှ ဦးဇော်သက်ထွေးက ‘ရှုပ်ထွေးမှုကို ဖြစ်ပွားစေပြီး၊ တပ်မတော်မှ သတင်းလွတ်လပ်ခွင့်ကို ပြန်လည်ထိန်းချုပ်လိုတဲ့ အနေအထားတရပ်ဖြစ်တယ်’ ဟုသတင်း မီဒီယာမေးမြန်းချက်များ၌ ဖြေကြားသည်။
တနိုင်ငံလုံးငြိမ်းချမ်းရေးရရှိစေရေးအတွက် ပံ့ပိုးကူညီမှု တရပ်အနေဖြင့် ၀ ပြည်သွေးစည်း ညီညွတ်ရေး ဗဟိုဌာနချုပ် အခြေစိုက်ရာ သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း ပန်းဆန်းမြို့ ၌ ဖုန်ကြားရှင်းဦးဆောင်သည့် MNDAA ကိုးကန့်တပ်ဖွဲ့ အပါဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၂ ဖွဲ့ မှ ခေါင်းဆောင်များ မေ ၁ ရက်နေ့မှ ၆ ရက်နေ့ အထိတွေ့ဆုံဆွေးနွေးနေပါ သည်။
ဖုန်ကြားရှင်းဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ က မြန်မာအစိုးရတပ်မတော် ထိုးစစ်ဆင်တိုက် ခိုက်မှုကြောင့် ၆ နှစ်ကြာနေရပ်မှ တိမ်းရှောင်ရင်း အင်အားစုဆောင်းကာ ယခုနှစ်ဆန်းပိုင်း၌ ဇာတိမြေကို ပြန်လည်အခြေချဖို့ ကြိုးစားရာမှ မြန်မာ အစိုးရတပ်မတော် နှင့် ရင်ဆိုင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။
Tags: News, politic


