မြန်မာ့ ငြိမ်းချမ်းရေး၊ နယ်စပ်ရေး ဆိုင်ရာ ဆွေးနွေးဖို့ ၈၈ ခေါင်းဆောင် တဦး တရုတ် နိုင်ငံ ရောက်



ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်အရေးတို့နှင့် ပတ်သက်ပြီး ယူနန်ပြည်နယ်အစိုးရ ၊ တရုတ် ကွန်မြူနစ်ပါတီတို့နှင့်  ဆွေးနွေးရန် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ် သည့် ကိုမြအေးသည် တရုတ်နိုင်ငံသို့ ရောက်ရှိနေကြောင်း ၈၈ မျိုးဆက်အဖွဲ့ထံမှ သိရသည်။



 ဂျွန်လ ၂၆ ရက်နေ့က ထွက်သွားတာ၊ ယူနန်ပြည်နယ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိတယ်။အဓိကကတော့ နယ်စပ်အရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်လိမ့်မယ်-  ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုပြုံးချိုက ပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲအများအနက် အများစုမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်စပ်နေသည့် ဒေသများတွင် ဖြစ်ပွားနေသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ ယူနန်ပြည်နယ်နှင့် ဆက်စပ်လျက်ရှိနေပြီး ဖြစ်ပွားလျက်ရှိနေသော ကိုးကန့် ဒေသတိုက်ပွဲများတွင် တရုတ်နိုင်ငံအနေဖြင့် အောက်ခြေအဆင့် ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု တပ်မတော် ဘက်မှ စွပ်စွဲပြောဆိုထားသည်။

ယင်းအပြင် ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ PSLF/TNLA ၊ SSA / SSPP သျှမ်းပြည်တပ်မတော် ၊ အေအေ ရက္ခိုင့်တပ်မတော် ၊ UWSA ၀ တပ်ဖွဲ့နှင့် NDAA မိုင်းလား အဖွဲ့များ ကိုးကန့် တိုက်ပွဲများတွင် ပါဝင်ပတ်သက်မှု ရှိကြောင်း တပ်မတော်ဘက်မှ ပြောဆိုထားသည်။

ယင်းအဖွဲ့များအနက်မှ ကေအိုင်အေ မှာ အစိုးရနှင့် ဆွေးနွေးနေသည့် NCCT  အဖွဲ့တွင် ဦးဆောင်သူ အနေဖြင့် ပါဝင်နေပြီး တအာင်းပလောင် ၊ သျှမ်းပြည်တပ်မတော် ၊ AA နှင့် ကိုးကန့် MNDAA တို့မှာလည်း အဖွဲ့ဝင်များဖြစ်ကာ အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အချက်များကို ထပ်မံ ဖြည့်စွက်ရန်အတွက် အဓိက တင်ပြခဲ့သည့် အဖွဲ့များလည်း ဖြစ်သည်။

၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်သည့် ကိုမြအေးမှာ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား ရေးရာ ကိစ္စရပ်များကို ဆောင်ရွက်နေသူဖြစ်ပြီး ကိုးကန့် တိုက်ပွဲကိစ္စ ၊ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် မပြေမလည် ဖြစ်နေသည့် ကိစ္စနှင့် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးအတွက် နယ်စပ်ရေးရာ ကိစ္စများကို ခရီးစဉ်အတွင်း ဆွေးနွေးဖွယ်ရှိနေသည်ဟု နယ်စပ်ရေးရာ အကဲခတ်များက ခန့်မှန်းထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates